ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ဖာနီရွာရှိ ကလေးနှစ်ဦး ဒဏ်ရာရ

April 26, 2026

တနင်္သာရီမြို့နယ်၊ ဖာနီရွာတွင် စစ်အာဏာရှင်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်သွား၍ ကလေးနှစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၅၅၆) တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်၍ ဖာနီရွာရှိ ကလေးနှစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပစ်လိုက်တဲ့ လက်နက်ကြီးက နေအိမ်နားကျပြီး ကလေးငယ်နှစ်ဦး ထိသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဖာနီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးထိမှန်သွားသည့် ကလေးနှစ်ဦးမှာ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရရှိသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“မြိတ်ဆေးရုံကို ပို့လိုက်တယ်။ လက်နက်ကြီးက တစ်ချက်ပစ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထို့ပြင် ရမ်းဖိုရွာကိုလည်း ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် (၅၅၆) တပ်ရင်းမှ ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဥယျာဉ်ခြံထဲသို့ ကျရောက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။