ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ခြောက်မိုင်ရွာနှင့် ဘန်လောရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုးနေ

April 26, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာနှင့် ဘန်လောရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်မံထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီဝန်းကျင်အထိ စစ်အာဏာရှင်တပ်က ဘန်လောရွာနှင့် ခြောက်မိုင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အရင်ရောက်နေတဲ့သူတွေနဲ့ပဲ ထပ်ဖြစ်တာ။ တိုက်ပွဲထဲမှာ စကစဘက်က သေဆုံးတာတွေရှိတယ်။ ဘန်လောရွာ မီးလောင်ကုန်းနားမှာ ဖြစ်တာပါ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တနင်္သာရီမြို့နယ်မှ ဘန်လောလမ်းဆုံသို့ မြေသယ်ကားများဖြင့် စစ်ကူအင်အား ဖြည့်တင်းလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဘန်လောလမ်းဆုံတွင် မြေတူးစက် (Backhoe) နှင့် တပ်သားအချို့ ကျန်ရစ်ခဲ့ပြီး ကားနှစ်စီးဖြင့် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းသို့ ဝင်သွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဘက်ဖိုးတွေပါလာတယ်။ ဘန်လောမှာ ထားခဲ့တယ်။ တိုက်ပွဲကတော့ ကြမ်းနေတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ဧပြီလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင်တပ်က မြိတ်မြို့မှ တနင်္သာရီမြို့သို့ စစ်ကား ၁၂ စီးဖြင့် စစ်ကူအင်အား ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။