ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချ

June 25, 2026

တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၄ရက် မွန်းလွဲ ၂နာရီ ၄၀မိနစ်တွင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“(ဗုံး) နှစ်လုံးလာကြဲချလိုက်တယ်။ တောထဲကျတယ်။ လူထိခိုက်မှုမရှိဘူး”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။

ဂျိုင်ရိုကော်ပတာနှစ်စီးသည် မြိတ်မြို့မှပျံသန်းလာပြီး သိန္ဓောကျေးရွာအုပ်စု၊သာရဘွင်ကျေးရွာအုပ်စုနှင့် တကူကျေးရွာအုပ်စုများတွင်လည်း ပတ်ဝဲခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ပတ်ဝဲနေတယ်။ ပြီးမှပျံသွားတယ်။ နှစ်ကြိမ်တောင် (တကူကျေးရွာအုပ်စုမှာ) လာဝဲနေလို့ နှစ်ခါပြေးဝပ်လိုက်ရတယ်။ (ရဟတ်ယာဉ် ထက် ) နှေးတယ်။ အလျားတိုတယ်” ဟု တကူဒေသခံတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်အာဏာရှင်တပ်သည် ဂျိုင်ရိုကော်ပတာဖြင့် ဘန်ကြုပ်ရွာအနီးကို ဗုံးနှစ်လုံးကြဲရာ တောထဲတွင်ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုမရှိကြောင်း ပြောဆိုကြသည်။

ဘန်ကြုပ်ရွာသည် တကူ‌ကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့်ရွာဖြစ်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သိန္ဓောဗျူဟာစခန်းကုန်းနှင့် ပြည်ထောင်စုလမ်းမကြီးတို့အကြား လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

သိန္ဓောဗျူဟာစခန်းကုန်းသည် စစ်အာဏာရှင်တပ်က နှစ်ပေါင်း၄၀ကျော်ကြာ အခြေစိုက်ခဲ့သော နေရာဖြစ်သည်။

စစ်အာဏာရှင်တပ်သည် တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးထိန်းချုပ်နယ်မြေများကို ယခုနှစ်တွင် မေလတွင် ဂျိုင်ရိုကော်ပတာအသုံးပြုပြီး စတင်တိုက်ခိုက်လာသည်။