မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမြွှာကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNUထံမှ သိရသည်။
စစ်အာဏာရှင်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ တပ်ရင်းက ဇွန်လ ၂၂ ရက် ညတွင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ခမရ (၃) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ပဏ္ဍိကုန်းကျေးရွာရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။
ကိုယ်ဝန် ၇လ ဆောင်ထားသည့် အသက် ၄၁နှစ်အရွယ် ဒေါ်ဇင်မာစိုးနှင့် အသက် ၁၁ နှစ်အရွယ် မိစနေ တို့ သေဆုံးကြောင်း KNU ထံမှ သိရသည်။ ဒေါ်ဇင်မာစိုးတွင် အမြွှာသမီနှစ်ဦးကို ကိုယ်ဝန်ဆောင်ထားရပြီး အဆိုပါ အမြွှာလည်း အသက်ဆုံးရှုံးကြောင်း ဖော်ပြသည်။
မိစနေ၏ ဖခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကိုမောင်လေး၊ ညီမဖြစ်သူ အသက် ၅နှစ်အရွယ်တို့လည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာများ ရရှိကြောင်း ဆိုသည်။
နေအိမ်အချို့လည်း မီးလောင်ပျက်စီးပြီး နွား အပါအဝင် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးကြောင်း ဖော်ပြသည်။
“ဘီးလင်း၊ ကျိုက်ထိုမှာ လေကြောင်းတိုက်ခိုက်တာတွေရော လက်နက်ကြီးနဲ့ ပစ်တာတွေရော လုပ်နေတယ်။ လောလောဆယ် တိုက်ပွဲတွေ ငြိမ်နေပေမယ့် လေကြောင်းရန်၊ လက်နက်ကြီးရန် ကြောက်နေရတယ်။ လူတွေလည်း မိုးထဲ ရေထဲ ထွက်ပြေးနေရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုဘက်တွင် စစ်အာဏာရှင်တပ်က မြေပြင်စစ်ကြောင်းထိုးနေသလို လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး အသုံးပြုကာလည်း နေ့စဉ်နှင့်အမျှတိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
ယခုရက်ပိုင်းတွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်နေရာများကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။







