တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်အာဏာရှင်တပ်တွင် မွမ်းမံသင်တန်းတက်နေသည့် တပ်သား ၆ ဦး မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံဝင်ရောက်လာကြောင်း သိရသည်။
ကမ္မလိုင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းတွင် မွမ်းမံသင်တန်းတက်ရောက်နေသည့် တပ်သား ၆ ဦးသည် မေလ ၂၃ ရက် နံနက် ၁၀ နာရီတွင် မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံဝင်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း ၆ ဦးသည် အခြေခံစစ်သင်တန်း အပတ်စဉ် ၂၂ မှ တပ်သားများဖြစ်ပြီး မေလ ၂၁ ရက်နေ့တွင် သင်တန်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၆ ဦးသည် ပျဉ်းမနားမြို့နယ်မှဖြစ်ပြီး အသက် ၁၉ နှစ် ၃ ဦး၊ အသက် ၂၀ နှစ် ၁ ဦး၊ ၂၁ နှစ် ၁ ဦးနှင့် ၂၂ နှစ် ၁ ဦးဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“လောလောဆယ် တပ်ရင်းကပဲ စောင့်ရှောက်ထားတယ်။ သူတို့ဆန္ဒက မိသားစုနား ပြန်ချင်တယ်။ လုပ်ပေးရမှာပေါ့ (သူတို့ဆန္ဒအတိုင်း)” ဟု ၎င်းကဆိုသည်။
အလင်းဝင်လာသူ ၆ ဦး၏ ပြောပြချက်ကို ကိုးကားဖော်ပြထားသော ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်တပ် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းတွင် မွမ်းမံသင်တန်းတက်ရောက်နေသူ ၅၅ ဦးရှိပြီး အသက် ၁၆ နှစ်အရွယ် ကလေး ၆ ဦး ရှိကြောင်း ပါရှိသည်။
သို့သော် ယင်းအချက်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
မေလ ၅ ရက်နေ့တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး လက်နက်နှစ်လက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း ၂ နှင့် မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံလာခဲ့သည်။







