တနင်္သာရီမြို့နယ်၊ ဖားကွင်းကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် စာသင်ကျောင်းဆောင် တစ်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများနှင့် KNU ထံမှ သိရသည်။
မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဖားကွင်းကျေးရွာအတွင်းသို့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် တစ်ဆောင်ပျက်စီးကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖားကွင်းကျေးရွာသည် ကော့မပြင်းကျေးရွာအုပ်စုတွင်ရှိပြီး စစ်အာဏာရှင်တပ် ပြန်လည်ဝင်ရောက်နေထိုင်သည့် ကျောက်လုံးကြီးစခန်းနှင့် ကင်းနီးကျွန်းအနီးတို့တွင် တည်ရှိသည်။
စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များသည် ကျောက်လုံးကြီးရွာရှိ စစ်အာဏာရှင်တပ်စခန်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကျောက်လုံးကြီးမှာ စစ်သားတွေ စခန်းပြန်လာထိုင်နေလို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ လေကြောင်းလာတဲ့ ဖားကွင်းနားမှာက တိုက်ပွဲဖြစ်တာ မရှိဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် ကျောက်လုံးကြီးကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်းသိမ်းယူခံရပြီးနောက် နောက်တစ်ရက်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီး စခန်းကို စစ်အာဏာရှင်တပ်က စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည်။
ယင်းနောက် ဇွန်လ ၁၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် စစ်အာဏာရှင်တပ်သာများ စစ်ကြောင်းထိုးလာပြီးနောက် ထိုစခန်းတွင် ပြန်လည် စခန်းထိုင်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။










