ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရေး ပိုက်ကွန်အုပ်

May 25, 2026

ပုံစာ - ရုံးကြီးတွင်တပ်ဆင်နေသော ဒရုန်းကာကွယ်ရေးစနစ်တည်ဆောက်နေသည်ကို ယခု မေလအတွင်း မြင်ရစဥ်။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးရှိ စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၏ ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရန်အတွက် ပိုက်ကွန်များဖြင့် ဖုံးအုပ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံများက ပြောသည်။

အစိုးရအဆက်ဆက် ရုံးစိုက်ခဲ့သည့် ရုံးကြီးဟု လူသိများသော အဆောက်အအုံရှိ ရုံးခန်းတစ်ခုတည်းကို သံချောင်း (Hollow) ၊ သံဇကာနှင့် နေကာပိုက်ကွက်တို့ကို ခြင်ထောင်ပုံစံလုပ်ပြီး ဒရုန်းကာကွယ်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ရုံးကြီးလမ်းဆုံမီးပွိုင့်နှင့် ကပ်နေပြီး အဆောက်အအုံထောင့်စွန်းတွင်ရှိသည့် အဆိုပါရုံးခန်းမှာ လက်ရှိတိုင်းစစ်အစိုးရ ဝန်ကြီးချုပ်၏ ရုံးခန်းဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သူများက ပြောဆိုသည်။

ယင်းအပြင် ရုံးကြီးပတ်ဝန်းကျင်တွင် ဂျမ်မာ (ဆက်သွယ်ရေးလှိုင်းဖြတ်ကိရိယာ) ဟု ယူဆရသည့် မိုက်ခရို ဖုန်းအငယ်စား ပုံစံကဲ့သို့ ကိရိယာအချို့လည်း ထောင်ထားသည်ကိုတွေ့ရသည်ကြောင်း မြို့ခံအချို့က ဆိုသည်။

အဆိုပါ ဒရုန်းကာကွယ်ရေးအစီအမံကို တိုင်းစစ်အစိုးရ ရုံးစတက်ရသည့် ဧပြီလကတည်းက တည်ဆောက်နေပြီး လက်ရှိအချိန်အထိ တည်ဆောက်နေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

“သူ (စစ်အစိုးရဝန်ကြီးချုပ်) က စစ်အင်ဂျင်နီယာဟောင်းဆိုတော့ နည်းပညာအပိုင်းနဲ့ သတိရှိပြီး ကြိုပြင်ဆင်ထားတာပေါ့။ အပြင်သွားလာရင်လည်း ဂျမ်မာကားတစ်စီးကို ကိုယ်ပိုင်ထားတယ်။ ယာဥ်တန်းသွားရင်တော့ ဂျမ်မာနှစ်စီးပါတယ်။ အခြားလုံခြုံရေးလည်း ဂရုစိုက်တယ်။ PSO (ကိုယ်ရေးအရာရှိ) တောင် ခြောက်ယောက်ထားတယ် ” ဟု တိုင်းစစ်အစိုးရရုံးသို့ အဝင်အထွက်ရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရုံးကြီးတွင် စစ်အစိုးရဝန်ကြီးချုပ်အပြင် အခြားစစ်အစိုးရဝန်ကြီးများလည်း ရုံးထိုင်ကြသော်လည်း ဝန်ကြီးချုပ်ရုံးခန်း တစ်ခုတည်းကို ဒရုန်းကာကွယ်ရေးလုပ်ဆောင်နေသဖြင့် ဝန်ကြီးအချင်းချင်းကြား ဝေဖန်မှုများရှိနေကြောင်း စစ်အစိုးရ နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကော်မရှင် ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပသည့်ရက်ကလည်း ရုံးကြီးနှင့် ကပ်လျက်တည်ရှိသည့် သုံးထပ်အဆောက်အအုံကို တော်လှန်ရေးအင်အားစုများက Fixed Wing ဒရုန်းဖြင့် တိုက်ခိုက်ရာ ဗုံးစထိမှန်၍ လဝက တိုင်းအဆင့်အရာရှိတစ်ဦး ဒဏ်ရာရခဲ့သေးသည်။

တိုင်းစစ်အစိုးရအဖွဲ့ ဖွဲ့ပြီးနောက် တိုင်းအဆင့် ပထမဆုံးအကြိမ် တက်ရောက်ကြရသည့် သင်္ကြန်ပွဲတော်တွင်လည်း တိုင်းစစ်အစိုးရအဖွဲ့ဝင်များ ရေကစားသည့် ဗဟိုမဏ္ဍပ်ပတ်ဝန်းကျင်တွင် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ်ရုံးခန်းတွင် တပ်ဆင်နေသည့် ဒရုန်းကာကွယ်ရေးပုံစံသည် FVP ဟုခေါ်သည့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို ကာကွယ်နိုင်ခြေရှိကြောင်း တိုင်းအတွင်း စစ်ရေးနှင့် စစ်လက်နက်ပစ္စည်းများအကြောင်း လေ့လာနေသူတစ်ဦးက သုံးသပ်သည်။

“ဒရုန်းအကြီးတွေက ဂျမ်မာနဲ့ ဖြတ်ထားပြီးတော့ FVP ကိုက အခုစနစ်နဲ့ကာကွယ်မယ်လို့ လုပ်ထားပုံရတယ်။ ဒါတပ်ပြီးကတည်းက တစ်ခါမှလာ မတိုက်သေးဘူးဆိုတော့ တကယ်လက်တွေ့ ကာကွယ်နိုင် မနိုင်ကတော့ စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည် ။

ထိုကဲ့သို့ ဒရုန်းကာကွယ်ရေးပြင်ဆင်နေသော်လည်း စစ်အာဏာသိမ်းထားသည့် ငါးနှစ်အတွင်း ဖြတ်သန်းသွားလာခွင့် လုံးဝပိတ်ထားသည့် ရုံးကြီးအရှေ့ရှိ လမ်းကိုမူ မေလအတွင်း ပြန်သွားလာခွင့်ပြုခဲ့သည်။

“သွားလာတော့ရနေပြီ။ အရင်လိုတစ်လမ်းမောင်းစနစ်ပဲ။ ဘယ်ရီဂိတ်တွေလည်း ရှိသေးတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ဒရုန်းကာကွယ်ရေးစနစ်ကို ထားဝယ်လေဆိပ်နှင့် မြိတ်လေဆိပ်ရှိ လေကြောင်းထိန်းမျှော်စင်များတွင်လည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။