ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့လယ်တွင် ယာဉ်တိုက်မှုဖြစ်၊ စစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦး ပြင်းထန်ဒဏ်ရာရ

April 25, 2026

ထားဝယ်မြို့လယ် လမ်းဆုံကြီးမီးပွိုင့်တွင် ဧပြီလ ၂၄ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး စစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများက ပြောသည်။

မြိတ်တန်းလမ်းဆုံဘက် (မြောက်ဘက်) မှလာသည့် ကားနှင့် ကြက်စားပြင်ရပ်ကွက်ဘက် (တောင်ဘက်) မှလာသည့် စစ်ဘေးရှောင်ဇနီးမောင်နှံ စီးလာသော ဆိုင်ကယ်တို့ ထားဝယ်မြို့လယ်ရှိ လမ်းဆုံကြီးမီးပွိုင့်တွင် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

လမ်းဆုံကြီး မီးပွိုင့်တွင် မီးစိမ်းသည့်အချိန် ကားသည် စျေးကြီးဘက်အကွေ့တွင် မျက်နှာချင်းဆိုင်ယာဉ်ကြောရှိ ကားတစ်စီး ၏နောက်တွင် ကပ်၍လိုက်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံ တစ်ဦးက ပြောသည်။

“ဆိုင်ကယ် စီးလားတဲ့ နှစ်ယောက်စလုံး ကားအောက်မှာ ဂျန်းတုံးလို လိမ့်ပါသွားတယ်။ နှစ်ယောက်စလုံး ဒဏ်ရာ တော်တော်ပြင်းတယ်” ဟု မျက်မြင်တွေ့ရသည့် မြို့ခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံမှာ သရက်ချောင်းမြို့ နယ် စုံစင်ဖျားကျေးရွာက ဒေသခံများဖြစ်ပြီး ထားဝယ်မြို့တွင် စစ်ဘေးရှောင်နေသူများဖြစ်ကြောင်း စုံစမ်းသိရသည်။

စုံစင်ဖျားအပါအဝင် သရက်ချောင်းမြို့နယ်က ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဇနီးဖြစ်သူတွင် ယာဘက်လက်တွင် အရိုးပေါ်သည်အထိ ထိခိုက်ဒဏ်ရာရပြီး ခင်ပွန်းဖြစ်သူမှာ လက်နှင့် ခြေထောက်၊ နောက်ကျောတို့တွင် ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံအချို့ က ပြောဆိုသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို အရေးပေါ်လူနာတင်ယာဉ် နှစ်စီးဖြင့် ထားဝယ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။