ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

April 25, 2026

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးအား လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ကျော်အရွယ် ဦးသက်စိုးပိုင်ကို ဧပြီလ ၂၃ရက် ညနေပိုင်းတွင် ရှင်မုတ္ထီးနှင့် ရောင်းမော်ကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးသက်စိုးပိုင်ကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ဦးသက်စိုးပိုင်သည် ယနေ့ ဧပြီလ ၂၅ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ရှင်မုတ္ထီးကျေးရွာသည် ထားဝယ်မြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာမှာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ လေးထောင်ကျော် နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။