ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် နှစ်လကျော်ပြတ်တောက်နေသည့် ဖုန်းဆက်သွယ်ရေးလိုင်းအချို့ပြန်ရ

April 25, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ကျေးရွာအချို့တွင် နှစ်လကျော်ကြာ ပြတ်တောက်နေသည့် ဖုန်းဆက်သွယ်ရေးလိုင်းများ ဧပြီလ ၁၉ ရက်ခန့်တွင် ပြန်လည် အသုံးပြု၍ ရကြောင်း ဒေသခံအချို့က ပြောသည်။

အော်ရီဒူး ဖုန်းအော်ပရေတာ လိုင်းတစ်ခုမှလွဲ၍ ကျန်သည့် ဖုန်းဆက်သွယ်ရေး အော်ပရေတာလိုင်းများမှာ ပြန်ရနေခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ဖုန်းခေါ်တဲ့အသံမြည်လာတော့မှ ဖုန်းလိုင်းပြန်ရနေတာ သိကြတာ။ အခုပြန်ရနေတာ သုံးလေးရက်ပဲ ရှိသေးတယ်” ဟု ဝင်းဝစခန်းအနီး ကျေးရွာတစ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ဝင်းဝ စခန်းကို သိမ်းတိုက်ပွဲဖော်ဆောင်ရန် ဖုန်းဆက်သွယ်ရေးလိုင်းများကို ဖေဖော်ဝါရီလ ၃ ရက်တွင် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြန်ရနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ဝင်းဝကျေးရွာက တိမ်းရှောင်နေရသည့် မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ထိုင်းရောက် လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဖုန်းလိုင်းရနေတာ နှစ်ရက်သုံးရက်ရှိပြီ။ (ဒေသခံတွေ) ရွာထဲ ဝင်မနေရဲဘူး။ စစ်တပ်တွေ ရွာထဲက အိမ်တွေမှာ ဝင်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ဝင်းဝရွာ၏ မြောက်ဘက် အဖြောင့်တိုင်းလျှင် လေးမိုင်ခန့်အကွာတွင် ရှိသည့် ပြင်းဖြူကြီးရွာဘက်တွင်လည်း ဖုန်းဆက်သွယ်ရေးလိုင်းများ ပြန်ရနေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖုန်းဆက်သွယ်ရေးလိုင်းများ မည်သည့်အကြောင်းအရင်းကြောင့် ပြန်လည်အသုံးပြု၍ ရရှိနေသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူးနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အမှတ်(၂) တပ်ရင်း တပ်ရင်းမှူးတို့ထံ Dawei Watch က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဝင်းဝစခန်းတိုက်ပွဲဖော်ဆောင်ချိန် ပိတ်ထားသည့် မြိတ်-ထားဝယ် လမ်းကိုလည်း ပြန်လည်သွားလာခွင့်ရနေပြီဖြစ်ပြီး သင်္ကြန်ကာလအလွန်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။