ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ နေအိမ်တစ်အိမ် နေခင်းဘက် သူခိုးတက်

June 24, 2026

ပုံစာ - သူခိုးတက်နေသည့်နေအိမ်တွငိ သူခိုးဖမ်းရန် ရပ်ကွက်နေသူများရောက်ရှိလာစဥ် ။ Photo - Mg Paing Zay Aye video screenshot.

မြိတ်မြို့ ၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကြံတောရပ်ကွက်က နေအိမ်တစ်အိမ်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင် တွင် သူခိုးတက်ခဲ့ကြောင်း မြို့ခံများထံမှသိရသည် ။

နေအိမ်၌ အိမ်ရှင်အမျိုးသမီးတစ်ဦးတည်းရှိနေချိန် နေအိမ်အောက်ထက် အနောက်ဘက်တံခါးကို ဖောက်၍ သူခိုးဝင်လာခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည် ။

“အိမ်ရှင်က အခန်း(အိပ်ခန်း)ထဲကနေ ခြေသံကြားလို့ ထွက်ကြည့်တာ၊ ဘုရားခန်းမှာသူခိုးက ပစ္စည်းရှာနေတာတွေ့လို့ ဝရံတာကို ထွက်ပြေးပြီး လမ်းကလူတွေကို အကူအညီတောင်းတာ၊ သူခိုးကထွက်ပြေးသွားတယ် ” ဟု ဖြစ်စဥ်အနီး ရှိခဲ့သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။

အိမ်ရှင်က အကူအညီတောင်းခံသဖြင့် လမ်းသွားလမ်းလာများ နှင့် ရပ်ကွက်နေသူများက ရောက်ရှိလာသောကြောင့် သူခိုးထွက်ပြေးသဖြင့် မည်သည့်ပစ္စည်းမျှ ခိုးယူခံခဲ့ရခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည် ။

ယင်းဖြစ်စဥ်ပြီးနောက် ဖောက်ထွင်းခံရသည့် နေအိမ်သို့ စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူအချို့ လာရောက်စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရသည် ။

မြိတ်မြို့သည် စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် မြိတ်မြို့တွင် ဆိုင်ကယ်လုယက်မှု ၊ ပစ္စည်းလုယက်မှု နှင့် ညဘက်နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခံရမှုများ ဆက်တိုက်ကြုံနေရသည်။

သို့သော်လည်း လုယက်သူများ၊ သူခိုးများကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိကြောင်း မြို့ခံများက ပြောသည်။