ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ အနန်းကွင်း ဗျူဟာကို စစ်အင်အားဖြည့်တင်းနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်သဖြင့် အရပ်သား ခြောက်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၂၁ရက် ညနေတွင် အနန်းကွင်းဗျူဟာတပ်စခန်းက လူနေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဝင်းခနကျေးရွာနှင့် ပန်းအောင်ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။
ဇွန်လ ၂၂ရက်တွင်လည်း ပုတောကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြေးအဘွား သုံးဦး ထပ်မံ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးဖြင့် ရက်ဆက် ပစ်ခတ်နေသည့်အပြင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်တပ်သည် အနန်းကွင်းဗျူဟာသို့ စစ်အင်အားများ ဖြည့်တင်းနေသဖြင့် ဒေသခံများ ပြန်လည် တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။
အနင်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း နှစ်ဖက်စစ်ရေးပြင်ထန်လာခဲ့သည်။
ယင်းအချိန်ကလည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
“တိုက်ပွဲဖြစ်ပြီးကတည်းက လူတွေက တိမ်းရှောင်နေကြတာ။ တိုက်ပွဲ ခဏခဏ ဖြစ်နေတော့ တချို့ကလည်း ပြန်မလာ ကြဘူး။ တချို့ကလည်း အိမ်မီးရှို့ခံလိုက်ရတယ် အိမ်မရှိတော့ ပြန်မလာကြတော့ဘူး။ တချို့ကလည်း ပြန်လာလိုက် တိုက်ပွဲဖြစ်ရင် ပြန်ပြေးလိုက် ပြောရရင် ရွာမှာ လူတွေ သိပ်မများတော့ဘူး” ဟု အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။
အနန်းကွင်းဗျူဟာတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အသုံးပြုခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနန်းကွင်းနှင့် အနီးအနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ၊ အစရှိသည့် ကျေးရွာ ခုနစ် ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
အနန်းကွင်းဗျူဟာတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု ရှိခဲ့ပြီး လူနေအိမ်၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနေအိမ် အလုံး ရာနှင့်ချီကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ပုံစာ – စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အနန်းကွင်းဘက်က ဥယျာဉ်ခြံ ပျက်စီးမှု (ပုံဟောင်း)
ဓာတ်ပုံ – ဒေသခံတစ်ဦး







