ရေး-ထားဝယ်လမ်းရှိ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ဗုံးကြဲကြောင်း တော်လှန်ရေးအင်အားစုများနှင့် ရွာသားများထံမှ သိရသည်။
နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ကျေးရွာအနီးသစ်ထုတ် လုပ်ငန်းခွင်တစ်ခုအနီးဝန်းကျင်နှင့် တောစပ် တစ်နေရာတို့တွင် ဗုံးကျရောက်ပေါက်ကွဲကြောင်း ရွာသားများက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံနှင့် လူထိခိုက်မှု မရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။
နံနက် ၁၁ နာရီဝန်းကျင်တွင် ကျောက်ရှပ်ရွာဘက်သို့ ဦးတည်ကာ ရဟတ်ယာဥ်နှစ်စင်း ပျံသန်းသွားသည်ကို မြင်တွေ့ရကြောင်း ကလိန်အောင်နှင့် ကံပေါက် ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ်၏ လေကြောင်းကို ကင်းထောက်နေသည့် EAR ချန်နယ်ကလည်း မြိတ်လေတပ်က ရဟတ်ယာဥ် တစ်စင်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် ရေဖြူမြို့နယ်ဘက်သို့ ပျံသန်းခဲ့ကြောင်း ဖော်ပြထားသည်။
ကလိန်အောင်မြို့သည့် ရေဖြူမြို့နယ်ထဲတွင် ပါဝင်သည်။
ကျောက်ရှပ်ရွာသားအချို့ကမူ စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိသည့် ဟိန္ဇဲပင်လယ်ဝရှိရာ ကံပေါက်ကျေးရွာအုပ်စုဘက်မှ တက်လာသော ပါရာမော်တာနှစ်စီးဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။
ရဟတ်ယာဉ်ဖြင့် ဗုံးကြဲသည်ဟု ပြောဆိုသူများရှိသလို ပါရာမော်တာဖြင့် ဗုံးချသည်ဟုလည်း ပြောဆိုမှုများရှိကြသည်။ မည်သည့် ယာဉ်ဖြင့် ဗုံးကြဲသည်ကိုမူ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ဗုံးကြဲခံရစဥ် ကျောက်ရှပ်ရွာဝန်းကျင်၌ တိုက်ပွဲနှင့် စစ်ရေးလှုပ်ရှားမှုများ မရှိကြောင်း ကလိန်အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“(နယ်မြေ) ငြိမ်နေတာက ကြာပြီ။ တစ်နှစ်ခွဲလောက်ရှိနေပြီ။ အဖွဲ့အစည်းတွေရှိတာ မဟုတ်ဘူး။ ရွာသားပဲရှိတာ။ ရွာသားတွေရှိနေတာ မထိလို့သာတော်တယ်” ဟု ၎င်းက ပြောဆိုသည်။
ယခုဗုံးကြဲမှုသည် ကျောက်ရှပ်ရွာဝန်းကျင်၌ ပထမဆုံးအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ရွာသားများက ဆိုသည်။
ကျောက်ရှပ်ရွာတွင် စစ်အာဏာရှင်တပ်၏ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၄၀၈ ၊ ၄၀၉ နှင့် ၄၁၀ စသည့် တပ်ရင်း ၃ ခုလည်း အခြေစိုက်ထားသည်။
ယခု မေလတတိယအပတ်အတွင်း စစ်အာဏာရှင်တပ်က ထားဝယ်ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး နေအိမ်နှင့် သာသနိကအဆောက်အအုံအချို့ပျက်စီးကာ ဒေသခံသုံးဦး သေဆုံးခဲ့သည်။







