ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင် လေးဦးနှင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ထားဝယ်အရှေ့တောဒေသ ကရင်အခေါ် သမီးပေါ်သော (ဟင်းကပိ) ရွာတွင် လုံခြုံရေးယူနေသည့် KNLA တပ်ဖွဲ့ကို KTLA ဆာကဆောတပ်မက တပ်မမှူး ဗိုလ်ကော်လဖိုး (ခ) ဗိုလ်အယ်ခွီး ဦးဆောင်သည့် တပ်ဖွဲ့သည် ဧပြီလ ၂၂ ရက် နံနက် ၄ နာရီ တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
KNU၏ ကျေးရွာ လုံခြုံရေးတာဝန်ခံအိမ်ကို KTLA က အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။
“(KNLA) စစ်သား ၃ ယောက်က ရွာလုံခြုံရေးတာဝန်ခံနဲ့ လာအိပ်တယ်ပေါ့နော်။ သူတို့က ရွာလုံခြုံရေး တာဝန်ခံအိမ်ကို လာပစ်တာပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။
သေဆုံးရာတွင် ပါဝင်သည့် အသက် ၁၀နှစ်အရွယ် ကလေးငယ်မှာ ရွာလုံခြုံရေးတာဝန်ခံ၏ သားဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် KNLA တပ်ဖွဲ့ဝင်များဘက်က ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။
KTLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးကမူ KNU၏ အဆိုပါတိုက်ခိုက်မှုတွင် ဆာကဆောတပ်မ ဘက်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြောသည်။
သို့သော် အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KTLAက ပြန်ကြားရေးတာဝန်ရှိသူ စောသက်နိုင်လင်းကို Dawei Watch က ယနေ့ ဧပြီလ ၂၄ ရက် နံနက်တွင် ဆက်သွယ်မေးမြန်းထားသော်လည်း ညနေပိုင်းအထိ အကြောင်းပြန်ဖြေကြားခြင်း မရှိသေးပေ။
ဧပြီလ ၂၃ ရက်တွင်လည်း ဖောင်းတောရွာဘက်၌ KNLA နှင့် KTLA တပ်တို့ ထိတွေ့ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနေသေးကြောင်း ဖောင်းတောဒေသက အမျိုးသားတစ်ဦးက ပြောသည်။
“ထိခိုက်သေဆုံးမှုအခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ KTLA ဆာကဆောတပ်မက တပ်စခန်းတစ်ခုကို ဧပြီလ ၂၁ ရက်တွင် KNLA က လာရောက် ပစ်ခတ် တိုက်ခိုက်သဖြင့်လည်း နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုများ ထပ်ဖြစ်လာခြင်းဖြစ်ကြောင်း KTLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးနှင့် KNU တပ်မဟာ(၄) နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးတို့က ပြောဆိုသည်။







