ထိုင်းတော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးပမ်းမှုဖြင့် Move Forward ပါတီဝင်ဟောင်း ၄၄ ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က တိုင်ကြားမှုကို တရားရုံးချုပ်က ယနေ့ ဧပြီလ ၂၄ ရက်တွင် လက်ခံလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး စုပေါင်းလက်မှတ်ထိုးခဲ့ကြသော Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို NACC က ဖေဖော်ဝါရီလ ၉ ရက်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမှုနှင့် ပက်သက်၍ NACC က တရားရုံးချုပ်သို့ တိုင်ကြားထားခြင်းဖြစ်ပြီး ယနေ့တွင် တရားရုံးက အမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
Move Forward ပါတီဝင်ဟောင်း ၄၄ ဦးအနက် အမည်ပြောင်းထားသော ပြည်သူ့ပါတီ (People’s Party) တွင် တာဝန်ထမ်းဆောင်နေသော ပါတီခေါင်းဆောင် နတ္တဖွန် ရွမ်ပန်ရာဝတ် အပါအဝင် အမတ် ၁၀ ဦးကိုမူ တာဝန်ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ထမ်းဆောင်ခွင့် ပြုထားသည်။
တရားရုံးက အမှုနှင့် ပတ်သက်၍ စွပ်စွဲချက်များကို ကြားနာရန် ဇွန်လ ၃၀ ရက်နှင့် ဩဂုတ်လ ၄ ရက်တို့တွင် ချိန်းဆိုထားသည်။
အမှုနှင့်ပက်သက်၍ တရားရုံးတွင် အဆုံးထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဘက်က ယနေ့တွင် ကြေညာသည်။
အကယ်၍ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချပါက ပါတီဝင်ဟောင်းများသည် လက်ရှိနိုင်ငံရေးပါတီမှ နုတ်ထွက်ရနိုင်ပြီး နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရနိုင်သည်။
၂၀၂၄ ခုနှစ်က တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲဆွယ်စည်းရုံးခဲ့သော Move Forward ပါတီကို ဖျက်သိမ်းခဲ့သလို ပါတီခေါင်းဆောင် ပီတာအပါအဝင် ဦးဆောင်သူ ၁၁ ဦးကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခဲ့သည်။
Ref: Thai Enquirer, The Nation Thailand, Thai PBS







