ထားဝယ်တွင် အကျဉ်းသားမိသားစုဝင်များအား အကျဉ်းထောင်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေလိမ်မှုများ ဆက်တိုက် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံရသည့် အကျဉ်းသားမိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
ထောင်က လွှတ်ပေးမည့် စာရင်းတွင် ပါဝင်နေသည်ဆိုပြီး ထားဝယ်မြို့ခံ အကျဉ်းသားမိသားစုသုံးစုထံ ဧပြီလ တတိယပတ် အတွင်း ထောင်ဝန်ထမ်းဆိုသူ အမျိုးသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းနောက် အကျဉ်းသားမိသားစုများထံမှ ငွေကျပ် ၇သိန်းဝန်းကျင်မှ ၁၄ သိန်းအထိ တောင်းခံခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် အကျဉ်းသားမိသားစုနှင့် နီးစပ်သည့် မြို့ခံအချို့က ပြောဆိုသည်။
ထားဝယ်ထောင်တွင် ထောင်ဒဏ် ၁၀နှစ် ကျခံနေရသူတစ်ဦး၏ မိသားစုဝင်ထံ ထောင်ဝန်ထမ်းဆိုသူ အမျိုးသားက ဧပြီလ ၂၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်လာကြောင်း အဆိုပါမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထောင်က လွှတ်မည့်စာရင်းတွင် ပါဝင်နေပြီး ချက်ချင်းပြန်လွတ်လိုလျှင် ငွေကျပ် ခြောက်သိန်းခွဲ လွှဲပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။
“လွတ်ရက်က သုံးနှစ်လောက် ကျန်သေးတယ်။ သင်္ကြန်တုန်းကလည်း (လွတ်ငြိမ်းမှာ) ပါလာမလားလို့ သွားစောင့် သေးတယ်။ အခုက ငွေလွှဲဆိုင်ကိုတောင် ရောက်ပြီးပြီ။ အဲဒီမှာ စဉ်းစားမိပြီး ထောင်ကိုသွားမေးတာ” ဟု အထက်ပါနီးစပ်သူ ပြောဆိုသည်။
မိသားစုဝင်က ထားဝယ်အကျဉ်းထောင်သို့ သွားရောက်စုံစမ်း မေးမြန်းရာတွင် ထောင်ဘက်က ယင်းသို့ လုပ်ဆောင်ခြင်း မရှိဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
ယခုရက်ပိုင်း အလားတူ ဆက်သွယ်ပြောဆိုမှုမျိုး ကြုံနေကြရသဖြင့် ဖြေရှင်းနေရပြီး အလိမ်ခံရခြင်းဖြစ်နိုင်သည်ဟု ထောင်တာဝန်ရှိသူတစ်ဦးက ပြန်လည် ပြောကြားခဲ့ကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။
အလားတူ ထားဝယ်မြို့ ပိန္နဲတောစျေးတွင် စျေးရောင်းနေသည့် အကျဉ်းသားမိသားစုဝင်တစ်ဦးကိုလည်း ဧပြီလ တတိယ ပတ်အတွင်း ထောင်ဝန်ထမ်းဟုဆိုကာ ဆက်သွယ်ပြီး ငွေကျပ် ခုနှစ်သိန်း လွှဲခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။
ယင်းအပြင် ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် အကျဉ်းသားမိသားစုတစ်စုထံတွင်လည်း အထက်ပါကဲ့သို့ဆက်သွယ်ပြီး ငွေကျပ် ၁၄ သိန်း တောင်းခံသဖြင့် လွှဲလိုက်မိကြောင်း စုံစမ်းသိရသည်။
ငွေလွှဲပြီးနောက် ထောင်ဝန်ထမ်းဆိုသူ အမျိုးသားကို ဆက်သွယ်၍ မရတော့ကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။
အကျဉ်းသား လွတ်မည့် နေ့ရက်၊ အချိန်တို့ကို ထောင်ပိုင်ကြီးနှင့် ထောင်ပိုင်လေးတို့သာ ပုံမှန်အားဖြင့် ကြိုတင်သိရှိခွင့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“အမှန်က ထောင်မှာ ထောင်ပိုင်နဲ့ ထောင်ပိုင်လေးဆိုသူ နှစ်ဦးကလွဲပြီး ဘယ်ဝန်ထမ်းမှ ဘယ်အကျဉ်းသားလွတ်မယ် မလွတ်ဘူးဆိုတာ မသိဘူး။ လွတ်ရက်စေ့တဲ့ သူတွေက တစ်ပတ်နှစ်ပတ်ခန့်မှာ အခန်းရှေ့ စာလာကပ်ထားလို့ ကြိုသိတယ်။ အဲဒီလိုမျိုး ဖုန်းဆက်လာတာက လိမ်တာပဲ ဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ငွေကြေးတောင်းခံမှုများကို သတိထားသင့်ကြောင်း ၎င်းက ဆိုသည်။







