ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် ကိုရင်ငယ်အား ရိုက်နှက်ခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်

April 24, 2026

မြိတ်မြို့နယ် တွင် ကိုရင်ငယ်အား အပြင်းအထန် ရိုက်နှက်ခဲ့သဖြင့် ရဟန်းကို လူဝတ်လဲပြီးနောက် ဧပြီလ ၂၃ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၂နှစ် ချမှတ်ကြောင်း မြိတ်မြို့သာသနာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ကိုရင်ငယ်ကို ရိုက်နှက်သဖြင့် ပဋိပတ္တိတောရကျောင်းဆရာတော် ဦးတေဇ (လူနာမည် ဦးထွန်းလှိုင်) ကို ဧပြီလ ၂၂ ရက်တွင် လူဝတ်လဲခဲ့သည်။

ယင်းနောက် အသက် ၄၀ အရွယ် ဦးထွန်းလှိုင်ကို မြိတ်ခရိုင် သာသနာရေးဦးစီးဌာနက တရားလိုပြုလုပ်၍ သာသာနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သာသနာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရုံးချိန်း တစ်ကြိမ်တည်းမှာပဲ အမိန့်ချလိုက်ပါတယ်။ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ပါ။ မြိတ်ထောင်ကို ပို့လိုက်ပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ကိုရင်ငယ်ကို စာကျက်ခိုင်းထားချိန် ဖုန်းခိုးသုံးသည်ဆိုပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလှိုင်က ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။

ယခုအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ဆရာတော် ဦးသုနန္ဒက “ရုံးချိန်းမှာ အမှုကိစ္စနဲ့ သူ (လူဝတ်လဲခံရသူ) ကိုယ်တိုင်လည်းစောကဒ မတက်ပါဘူး။ သံဃနာယကဆရာတော်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာက ဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု မိန့်ကြားသည်။

ကိုရင်ငယ်ကို ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းမှာ ဧပြီလ ၂၁ရက်တွင် အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ဧပြီလ ၂၂ ရက်တွင် မြို့နယ်သံဃနာယက ဆရာတော်များနှင့် သက်ဆိုင်ရာက စုံစမ်းမှုများ ၊ ခေါ်ယူသြဝါဒပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ရုပ်သံပါဖြစ်စဥ် ၂၀၂၅ ခုနှစ် အောက်တိုဘာလခန့်က ဖြစ်ပွားခဲ့ပြီး ကိုရင်မှာ လတ်တလော ပဋိပတ္တိတောရကျောင်း၌ပင် ကျန်းမာစွာရှိကြောင်း သာသနာရေးဌာနတာဝန်ရှိသူက ဆိုသည်။