ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးကို အသွင်ပြောင်းစစ်အစိုးရက ထောင်ဒဏ်ခြောက်လချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ဧပြီလ ၂၃ ရက်တွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို နေပြည်တော်ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ခြောက်လ စီ ချမှတ်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။
“နေပြည်တော်တရားရုံးကတော့ ဟုတ်တယ်။ ဒါပေမဲ့ အသေးစိတ်တော့မသိရဘူး” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
နေပြည်တော်ရှိ မည်သည့်တရားရုံးက မည်သည့်ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ကိုမူ မသိရသေးပေ။
စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် ဦးခင်စိုးကို စစ်ကော်မရှင်က ဖမ်းဆီးထားကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။
စက်သုံးဆီတင်သွင်းရန်အတွက် စစ်ကော်မရှင် သတ်မှတ်ဈေးဖြင့် ထုတ်ပေးထားသည့် ဒေါ်လာများကို ပြင်ပပေါက်ဈေးဖြင့် အရောင်းအဝယ်လုပ်နေသည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
စက်သုံးဆီအသင်းနှင့် နီးစပ်သူကလည်း ဒေါ်လာငွေအရောင်းအဝယ်ကိစ္စဖြင့် ပြစ်ဒဏ်ချမှတ်သည်ဟု ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရကြောင်း Dawei Watch သို့ ပြောသည်။
“(ကျပ်) ၅၄ ဘီလီယံမှာ ကိုခင်စိုးတို့က ၁၅ ဘီလီယံပြန်သွင်းရတယ်လို့တော့ ကြားရတယ်” ဟု အထက်ပါနီးစပ်သူက ဆိုသည်။
အဆိုပါ ဒေါ်လာရောင်းဝယ်သည့်ကိစ္စနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် အသေးစိတ်ကို မသိရသေးပေ။
ဦးခင်စိုးဖမ်းဆီးခံရပြီးနောက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မွန်ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၁၇ ဆိုင်အား စစ်ကော်မရှင်က ယာယီပိတ်သိမ်းရာတွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ ဦးခင်စိုး ပိုင်ဆိုင်သည့် Apex စက်သုံးဆီ အရောင်းဆိုင်လည်း ပါဝင်သည်။
Apex Gas & Oil Public Co., Ltd. သည် မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Apex Group အောက်တွင်ရှိသည်။
ဦးခင်စိုးသည် ထားဝယ်မြို့ရှိ ဈေးဝယ်စင်တာ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်လုပ်ငန်း ပိုင်ဆိုင်သည့် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) အပါအဝင် ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်သည့် ရန်ကုန်မြို့အခြေစိုက် အဏ္ဏဝါလွှမ်းကုမ္ပဏီကိုလည်း ပိုင်ဆိုင်သည်။







