အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်ရပ်ကာလကို သုံးပတ်ထပ်မံ သက်တမ်းတိုးရန် အစ္စရေးနှင့် လက်ဘနွန် အစိုးရအကြား သဘောတူညီကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် အစ္စရေးနှင့် လက်ဘနွန်သံအမတ်ကြီးများ၏ တွေ့ဆုံမှုမှာ အင်မတန်အဆင်ပြေချောမွေ့ခဲ့သည်ဟု သမ္မတထရမ့်က ဆိုသည်။
“လက်ဘနွန်အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ လက်ဘနွန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
အဆိုပါ တွေ့ဆုံမှုသည် ပြီးခဲ့သည့်အပတ်မှစ၍ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံအကြား ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် အဆင့်မြင့်ဆွေးနွေးပွဲလည်း ဖြစ်သည်။
ပြီးခဲ့သည့်သောကြာနေ့က စတင်အသက်ဝင်ခဲ့သည့် ၁၀ ရက်ကြာ ကနဦးအပစ်ရပ်ဆဲရေး သဘောတူညီချက်မှာ လာမည့်တနင်္လာနေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။
ယင်းအပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ လက်ဘနွန်သမ္မတ ဂျိုးဇက်အောန်တို့နှင့် မကြာမီကာလအတွင်း လူကိုယ်တိုင်တွေ့ဆုံရန် မျှော်လင့်ထားကြောင်းလည်း သမ္မတထရမ့်က ဆိုသည်။
အစ္စရေးနှင့် လက်ဘနွန်အကြား ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်မှုများ နှစ်ဘက်စလုံးက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောက်ထပ်ပြုလုပ်မည့် ဆွေးနွေးပွဲများ၏ ရည်မှန်းချက်မှာ အစ္စရေး၏ တိုက်ခိုက်မှုများကို အလုံးစုံ ရပ်တန့်ရန်၊ လက်ဘနွန် နိုင်ငံအတွင်းရှိ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန်၊ အစ္စရေးတွင် ဖမ်းဆီးထားသည့် လက်ဘနွန် အကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန်၊ နယ်စပ်တစ်လျှောက်တွင် လက်ဘနွန်တပ်ဖွဲ့များ ဖြန့်ကြက်ချထားရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ရန်တို့ ဖြစ်ကြောင်း လက်ဘနွန်သမ္မတအောန်က ပြောကြားသည်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်အတွက် လက်ဘနွန်အနေဖြင့် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာက တိုက်တွန်းပြောကြားထားသည်။
အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့သည်။
အစ္စရေးကလည်း လက်ဘနွန်နိုင်ငံကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ ကျူးကျော်ဝင်ရောက်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့ပြီး လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက်ရှိ မြို့ရွာပေါင်း ဒါဇင်နှင့်ချီကာ သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းအတွင်းသို့ ၁၀ ကီလိုမီတာခန့်အထိ ကြားခံဇုန်အဖြစ် သိမ်းပိုက်ထားသည်။
ယင်းမှာ အစ္စရေးမြောက်ပိုင်းသို့ ပစ်ခတ်နေသည့် တာတိုပစ်ဒုံးကျည်များနှင့် တင့်ကားဖျက်ဒုံးကျည်များ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစ္စရေးဘက်က ဆိုသည်။
Source: AP







