တနင်္သာရီတိုင်းတွင် စစ်မှုထမ်းအပတ်စဥ် (၁) က အိမ်ပြန်ခွင့်ရသူ အရေအတွက် မည်မျှရှိသည်ကို မသိရှိကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ထံ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသည်။
အပတ်စဉ် ၁ တွင် စစ်မှုထမ်းစုဆောင်းခံရသူများ စစ်မှုထမ်း သတ်မှတ်ကာလ ၂နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။
“ဦးရေကို အတိအကျတော့မသိဘူး ခင်ဗျ။ အပတ်စဥ် ၁ က ဆင်းသွားပြီးတဲ့သူတွေ အဲဒီလူတွေတော့ အိမ်ပြန်လည် ရောက်ရှိနေပြီဆိုပြီး တက်ထားတယ်။ အမည်စာရင်း အားလုံးကိစ္စတော့ ကျွန်တော်တို့ မသိသေးဘူး” ဟု စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ ဖုန်းကို လက်ခံဖြေကြားသူက ပြောဆိုသည် ။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြိတ်မြို့တွင် ဧပြီလ ၁၁ ရက်က အပတ်စဥ် (၁) က စစ်မှုထမ်းအချို့အား စစ်မှုထမ်းပြီးစီးကြောင်း လက်မှတ်ပေးအပ်ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ပြီး အရေအတွက်ကိုမူ မဖော်ပြခဲ့ပေ။
စစ်မှုထမ်းအပတ်စဉ် ၁ တွင် တနင်္သာရီတိုင်းက ၂၆၀ ဦးကို စတင်စုဆောင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်တွင် စစ်သင်တန်း စတက်ခိုင်းခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။
လူမှုကွန်ရက်တွင် တွေ့ရှိရသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရှိချက်အရ အိမ်ပြန်ခွင့်ရသူ ၃၅ ဦး ရှိသည်ကို တွေ့ရသည်။
စစ်မှုထမ်းအပတ်စဉ် ၁ က အိမ်ပြန်ခွင့်ရသူများဆိုပြီး ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ စစ်အာဏာရှင် ခြေလျင်တပ်ရင်း ခန်းမတွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း စစ်မှုထမ်း ၃၄ ဦး ရှိသည်ကို တွေ့ရသည်။
ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ရွာက ဒေသခံတစ်ဦး အိမ်ပြန်ခွင့်ရကြောင်းလည်း လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းတွေ့ရသည်။
စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းစတင်ခေါ်ယူခဲ့သည့် ၂၀၂၄ ဧပြီလမှစ၍ ၂ နှစ်အကြာ ယခုဧပြီလတွင် စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၃) ထိ ခေါ်ယူဖွင့်လှစ်ထားပြီးအမှတ်စဥ် (၂၁) ကို သင်တန်းဆင်းပေးထားပြီးဖြစ်သည် ။
စစ်မှုထမ်းသင်တန်းကို လစဉ် မပျက်မကွက် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင်တန်းသား ပျမ်းမျှ (၄၈၀၀) ဝန်းကျင် စုဆောင်းရရှိခဲ့သည့်အတွက် အပတ်စဥ် ၂၀ အထိရေတွက်လျှင်ပင် သင်တန်းဆင်းတပ်သား တစ်သိန်းနီးပါး ရှိပြီဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က သုံးသပ် ထုတ်ပြန်သည်။
တနင်္သာရီတိုင်းတွင် ညဘက် နေအိမ်များ၌ ဖမ်းဆီးစုဆောင်းခံရခြင်း၊ လမ်းခရီးသွားစဉ် စစ်ဆေးရေးဂိတ်များ၌ စုဆောင်းခံရခြင်း၊ စစ်ကြောင်းထိုးစဥ် ဖမ်းဆီးစုဆောင်းခံရခြင်းနှင့် ထိုင်း၊ မလေးရှားစသည့် အိမ်နီးချင်းနိုင်ငံများမှ ပြစ်ဒဏ်တစ်ခုခုကျခံပြီးနောက် ပြန်ပို့ခံရသူများအား စုဆောင်းခြင်း စသည့် ပုံစံမျိုးစုံ ဖြင့် လစဥ် စစ်မှုထမ်း စုဆောင်းလျက်ရှိသည်။







