ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲအကြို့နေ့ လောင်းလုံး ရပ်ခံတောင်ရှိ စစ်အာဏာရှင်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

January 24, 2026

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရပ်ခံတောင်ပေါ်တွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်စခန်းကို ယနေ့ ဇန်နဝါရီလ ၂၅ရက် နံနက်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်စခန်းသည် မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ကမြောကင်းကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့ အနီးတွင် တည်ရှိသည်။

ယနေ့ နံနက် ၆နာရီခန့်တွင် အဆိုပါစစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ အဆိုပါစစ်စခန်းကလက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသော တောင်မင်းပြောင် ကျေးရွာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်မှုအခြေအနေတို့ကိုမူ အသေးစိတ် မသိရသေးပေ။

ဇန်နဝါရီလ ၂၅ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် လောင်းလုံးမြို့နယ်ရှိ ကမြောကင်းကျေးရွာအုပ်စု၊ စခန်းကြီး ကျေးရွာအုပ်စု၊ မောင်းမကန်ကျေးရွာအုပ်စုတို့နှင့် လောင်းလုံးမြို့နှင့် မြို့အနီးဝန်းကျင်တို့တွင် ပြီးခဲ့သည့် နှစ်ရက်ခန့်မှစပြီး စစ်အာဏာရှင်တပ် အင်အားတိုးမြှင့်ချထားသည်။

ရွေးကောက်ပွဲအတွက် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်များကို တော်လှန်ရေးတပ်တို့က ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် မောင်းမကန်ရဲစခန်း၊ ညနေ ၆ နာရီခန့်တွင် အင်းဇောက်ကျေးအနီးဝန်းကျင်တွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်တို့ကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် စခန်းကြီးကျေးရွာအတွင်းသို့ ယနေ့ နံနက် ၉ နာရီကျော်တွင် ရောက်ရှိလာသည် စစ်အာဏာရှင်တပ်ကိုလည်း တော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတို့တွင်လည်း ဇန်နဝါရီလ ၁၈ ရက်ကစပြီး နှစ်ဖက် စစ်ရေးတင်းမာနေကာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။

ယင်းအပြင် လောင်းလုံး သံမဏိလိပ်ပြာတပ်တပ်ဖွဲ့ကလည်း ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် အချိန်မရွေး စစ်ရေးများဖြစ်ပေါ်လာနိုင်သဖြင့် လောင်းလုံးမြို့ပေါ်နှင့် မြို့အနီးဝန်းကျင် နေရာများသို့ ခရီးသွားလာခြင်း မပြုကြရန် သတိ ပေးချက် ထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာများနှင့် အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။