ခရီးတစ်ခုထွက်ပြီဆိုလျှင် ကျွန်တော့်အတွက် မရှိမဖြစ်အရေးကြီးဆုံးအရာသုံးခုမှာ အဝတ်အစားနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများပြီးလျှင် စာအုပ်ပင်ဖြစ်ပါသည်။ ခရီးသွားနေရသောကြောင့် စာဖတ်ပျက်ရသည်မဖြစ်ရရန် ခရီးသွားချိန်တိုင်း စာအုပ်ဆောင်ယူပြီးဖတ်မည်ဟူသော အလေ့အထကို တမင်တကာလုပ်ယူပြီး အလေ့အကျင့်ဖြစ်အောင်မွေးမြူထားသောကြောင့်ပင် ဖြစ်ပါသည်။
ခရီးအတိုအရှည်၊ ကြာချိန်အပေါ်မူတည်ပြီး မိမိဖတ်လိုသောစာအုပ်များအထဲမှ စာအုပ်အထူအပါးရွေးကာ ဆောင်ယူလေ့ရှိပါသည်။
ယခုလည်းမိုးဦးကာလ ခရီးစနေရပြီ။
ခရီးက သုံးလေးခုဆက်နေခြင်းပင်။
ဟိုဟိုသည်သည် သဝေထိုးရမည့်ကိစ္စများနှင့် ကြာမယ့်နေ့များကို ပြက္ခဒိန်ပေါ်တေးမှတ်ကြည့်သည့်အခါ အတော်အတန်ပင်ကြာမည့်ခရီးဖြစ်သည်ကို သတိပြုမိသည်။ သည်လိုနှင့် မကြာသေးမီ ကမှဝယ်ယူထားသည့် ဆရာလှစိုးဝေဘာသာပြန်ထားသော “ပထဝီမြေလွှာ၏ အကျဉ်းစံများ”ဟူသည့် မူရင်း Tim Marshall ရေးသားထားသော “Prisoners of Geography”ဆိုသည့်အတော်အတန်ထူသော စာအုပ်တစ်အုပ်ကို ထည့်ပြီး ခရီးစထွက်ပါသည်။
အဆိုပါစာအုပ်သည် နိုင်ငံတကာတွင်လည်း ရောင်းမလောက်အောင်ပင် ရောင်းအားအကောင်းဆုံး စာကောင်းပေလွှာတစ်အုပ်ဖြစ်သလို ဖတ်ရသည်မှာလည်း တစိမ့်စိမ့်တွေးကာ တငြိမ့်ငြိမ့်နှင့် အတွေးရေယဉ်ကြောတွင် ခရီးနှင်၍ကောင်းသော စာအုပ်မျိုးဖြစ်သည်။ The New York Times သတင်းစာကလည်း “ပထဝီနိုင်ငံရေးကို အတွေးသစ် အမြစ်သစ်များနှင့်လေ့လာနိုင်မည့်စာအုပ်”ဟု ချီးမွမ်းသည်။
ကျွန်တော့်အဖို့မှာလည်း အစပထမနိဒါန်းတွင်ပင် တွေးတောစရာများနှင့် ရပ်တန့်ငေးမော တွေးတောနေရချေပြီ။
“ကိုလိုနီအရှင်သခင်ဆိုသူများသည် ဒေသတွင်းအမှန်တကယ်ဖြစ်ပေါ်တည်ရှိနေမှုများနှင့် မည်သို့မျှ ဆက်စပ်၍မရသော နယ်နိမိတ်မျဉ်းများကို မင်ဖြင့်မြေပုံပေါ်တွင် လိုင်းများသားကာ ရေးဆွဲသတ်မှတ်ပေးခဲ့ကြသည်။ ထို့အတွက်လည်း ကမ္ဘာကြီးတွင် ယနေ့မြင်တွေ့နေရသော လူဖန်တီးထားသည့် နယ်ခြားမျဉ်းများထွက်ပေါ်လာခဲ့ရခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင်မူ မင်ဖြင့်ဆွဲခဲ့သည့် နယ်ခြားမျဉ်းများကို သွေးဖြင့်ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလာနေကြပြီဖြစ်သည်။”ဟု နိဒါန်းတွင်ပါရှိသော စာတပိုဒ်ကြောင့်ပင်။
သည်စာအုပ်ဖတ်ရတော့ ကျွန်တော့်မှာဖြင့် ပထမဆုံးအနေဖြင့် “မေမြို့မိုး”၊ “ရေလိုက်ငါးလိုက်”၊ “သံလွင်ချောင်းခြား”၊ “ရန်ကုန်မှာသာတဲ့လ” စသော ဦးထီး၏ သီချင်းအချို့သည် ဦးနှောက်နှင့်နှလုံးသားနေရာနှစ်ခုစလုံးမှ တစ်ပြိုင်နက်ပေါ်ထွက်လာပါသည်။ သည်သီချင်းများသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်၍ရေးဖွဲ့ထားသည်ဟု ယူဆတွေးတောသူများရှိသလို မဟုတ်မမှန်ကြောင်း ကိုလည်း ပြန်လည်ရှင်းလင်းနေကြသူများလည်းရှိကြပါသည်။ အတိအကျကိုမူ ရေးသားသူမူရင်းပိုင်ရှင် ဆရာကြီးစိုင်းခမ်းလိတ်သာလျှင် သိပါတော့မည်။
မည်သို့ပင်ဆိုစေကာမူ ဆရာကြီးစိုင်းခမ်းလိတ်ရေးသားပြီး ဦးထီးသီဆိုခဲ့သော ထိုသီချင်းများကို မိမိလည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းများနှင့် ဆက်စပ်တွေးတောမိပါပြီကော။
ထားတော့။
ယခုရက်ပိုင်းများတွင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အနီးခေတ်သမိုင်းဟုဆိုနိုင်လောက်သော သမိုင်းအဖြစ်အပျက်များကို မြေပုံပေါ်တင်ပြီး မိမိလက်လှမ်းမီနိုင်သမျှ ပြန်လည်လေ့လာပြီး ဆင်ခြင်နေမိသည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ ကနက်သီရိ၊ တကောင်းမင်းဆက် အစသဖြင့် ရှေးဦးမြို့ပြနိုင်ငံငယ်များ၊ မင်းဆက်များ၊ ပြည်ထောင်များ။ နောက်တော့ ပိုမိုထင်ရှားလာခဲ့သည် ဗမာမင်းဆက်များ အုပ်စိုးတည်ထောင်ခဲ့သော ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့်ခေတ်ကြီးများ။ ပြီးလျှင် ၎င်းဗမာမင်းဆက်များနှင့်ခေတ်ပြိုင် ဟံသာဝတီ၊ ဓညဝတီ၊ မြောက်ဦးမင်းဆက်နှင့် ရှမ်းစော်ဘွားကြီးများ။
သည်နောက်တော့ ဗြိတိသျှတို့၏ ကိုလိုနီပြုခြင်းခံရပြီး ပဒေသရာဇ်စနစ်ကြီးဆုံးခန်းတိုင်ကာ ကိုလိုနီခေတ်နှင့်အတူပေါ်ပေါက်လာခဲ့သော တောင်တန်းပြည်မဝိဝါဒ။ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ။ နေဝင်းအာဏာသိမ်းမှုနှင့်အတူ ၁၉၄၇ ခြေဥရေစုန်မျောပြီးကာမှ အသစ်ထပ်ပေါ်လာသော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ။ ၁၉၇၄ ဖွဲ့စည်းပုံနှင့်အတူပေါ်လာသော တိုင်းနှင့်ပြည်နယ် ၁၄ ခု။ ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့်အတူပျက်စီးသွားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာခဲ့သော ဖက်ဒရယ်ယူနစ်များ၊ ထိန်းချုပ်နယ်မြေများ၊ သမ္မတနိုင်ငံများ။
ဪ ဗမာမှ မြန်မာသို့ အနီးခေတ်ကာလသမိုင်းတစ်လျှောက်တွင် ဤပထဝီမြေလွှာကြီးပေါ်တွင် မင်ဖြင့်ဆွဲသော၊ သွေးဖြင့်ရေးသော နယ်နမိတ်မျဥ်းများကား ကလေးငယ်တစ်ဦး စက္ကူဖြူပေါ်တွင်ရေးခြစ်သော ခဲခြစ်ကောက်ကြောင်းများလိုပင်။
ရှုပ်ထွေးပွေလီလှပေ၏။
ဤမတူညီသောခေတ်များ၊ စနစ်များနှင့် ပြောင်းလဲသွားသောနယ်နိမိတ်များ၊ နယ်မြေပိုင်ဆိုင်မှုများတွင် ပြည်သူများခံစားခဲ့ရသောဒုက္ခမှာ ရက်ရာဇာရွေးပြီး သကြားစားရသလို တစ်မျိုးတည်းသာလျှင်ဖြစ်ချေတော့သည်။ သို့သော် ယခုဥပမာပြုသည့် သကြားစားရသလို ချိုမြိန်နေမည်မဟုတ်မှာကတော့ ဧကန်မုချပင်ဖြစ်ပါလိမ့်မည်။
အသို့ဆိုစေကာမူ မင်ဖြင့်ဆွဲသော၊ သွေးဖြင့်ရေးသော၊ ခြေနှင့်ဖျက်သော၊ လေပေါ်တွင်ပင် လွင့်လျှမ်းပျောက်ကွယ်နေဆဲရှိသောနယ်ခြားမျဦးများကား ရေးလိုက်ဖျက်လိုက်၊ ပြင်လိုက်ဆင်လိုက်နှင့် ဝလုံးကလေးအဝိုင်းသင်သလို ထပ်ထပ်ခါခါဆက်လက်ဖြစ်ပွားနေဆဲတည်း။
ကျွန်တော့်နှင့်အနီးစပ်ဆုံး တနင်္သာရီဒေသ၏ ပထဝီနိုင်ငံရေး ထို့နောက် ဒီထက်ပိုမိုတိတိကျကျပြောရလျှင် ထားဝယ်ဒေသ၏ ပထဝီနိုင်ငံရေးသည်လည်း ထိုကဲ့သို့ပင်။ ထားဝယ်သည် ယဉ်သည်၊ ချောသည်၊ လှသွေးကြွယ်သည်။ ထိုကြောင့်ပင်လည်း ထိုနေရာတွင် အပြိုင်အဆိုင်များကြဟန်တူပါသည်။
ထိုအလှအပကိုမက်မောခြင်းကြီးစွာဖြင့် ပိုင်ဆိုင်ရရန် ကြိုးပမ်းနေသူများကြား ထားဝယ်ကားတဖြည်းဖြည်းနှင့် လှပဂုဏ်ဆင်းယိုယွင်းလာနေပေပြီ။
ပိုင်ဆိုင်ရရန် မင်ဖြင့်ဆွဲခြင်း စကားလုံးများနှင့် စည်းခြားကာရံခြင်းတို့ကား များစွာကိစ္စမရှိပါမူ သွေးနှင့်ရင်းနေရခြင်းကား သည်းစွာနာဖို့ကောင်းလှသည်။ သို့သော်ငြားလည်း ထိုက်တန်သောရင်းနှီးမှုနှင့် မယုတ်မလွန်သောကြိုးပမ်းမှုတို့ကတော့ ဆက်၍ရှိရလိမ့်ဦးမည်သာ။
ဤမြေ၊ ဤရေ၊ ဤလေပြည်တို့ကပင် အဖိုးအနဂ္ဂထိုက်၍လော။ သို့တည်းမဟုတ် အတ္တ၊ မာန်မာနနှင့် ကိုယ်ကျိုးစီးပွားဆန္ဒဇောကြီးလွန်ကြ၍သာလော။ ကျွန်တော်တို့အားလုံး မည်ကဲ့သို့တွေးတောတိုက်ပွဲဝင်နေကြပါသနည်း။ အာဏာရှင်စနစ်ကိုရွံ့ရှာမုန်းတီးသောကြောင့် လက်နက်စွဲကိုင်ခဲ့ခြင်းဖြစ်ကြောင်းကို တော်လှန်ရေး ရဲဘော်ကလေးတစ်ဦးကတော့ ရိုးရှင်းစွာပြောပါသည်။ သို့သော် ငါးနှစ်ကျော်ကြာပြီးနောက်တွင် နွေဦးတော်လှန်ရေးသည် အဆိုပါရဲဘော်ကလေးပြောသလောက်မျှ မတင်းတိမ်နိုင်တော့ဘဲ ပိုမိုနက်ရှိုင်းလာသည်ကတော့ အရှိတရားပင်ဖြစ်သည်။
ဪ…….သွေးမြေဘယ်လောက် ခရဦးမည်နည်း။
အနောက်တောင်ဆီက မိုးတို့ညို့လာပြီ။
ခရီးကားဆက်ရပေဦးမည်။
မင်ဖြင့်ရေးသော၊ သွေးဖြင့်ကာရံတံတိုင်းခတ်သော တောအုပ်များ၊ မြစ်များ၊ လွင်ပြင်များ၊ ကျေးလက်ဒေသများ၊ မြို့ပြများ၊ လမ်းများကိုဖြတ်ကာ ခရီးကား ဆက်ရပေဦးမည်။
(ဆရာလှစိုးဝေသည် ယခု “ပထဝီမြေလွှာ၏ အကျဉ်းစံများ” စာအုပ်ရောင်းရငွေ၏ အမြတ်အစွန်းများအားလုံးကို နွေဦးတော်လှန်ရေးအတွက် ထည့်ဝင်မည်ဟု ကတိစကားဆိုထားပါသည်။ ဤကား စကားချပ်)
ယောနသံ
၁၉ မေ၊ ၂၀၂၆







