ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသဆန်ဈေးငြိမ်ပြီး ရန်ကုန်ဆန်ဈေးကျသည့် တစ်ပတ်အတွင်း ထားဝယ်စျေးကွက်

May 23, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းသည့် ရန်ကုန်ဆန်အချို့ ဈေးကျပြီး ထားဝယ်ဒေသထွက်ဆန်များ ဈေးငြိမ်နေသည်။

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်နေ့က ရန်ကုန်ဆန်ဟု ခေါ်သော တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအချို့ဖြစ်သည့် အကယ်ဒမီ ရက် ၉၀ အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၃၈,၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၂၃ ရက်နေ့တွင် ၁၃၇,၀၀၀ ကျပ်၊ ချန်ပီယံ မြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၉၀,၅၀၀ ကျပ်မှ ၁၈၈,၅၀၀ ကျပ်၊ သုခအမျိုးအစား ဆန်တစ်အိတ်လျှင် ၁၀၈,၅၀၀ ကျပ်မှ ၁၀၆,၅၀၀ ကျပ်သို့ အသီးသီး ဈေးကျသွားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် တစ်ပတ်အတွင်း အကယ်ဒမီ ရက်ကိုးဆယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ၁,၀၀၀ ကျပ်၊ ချန်ပီယံ မြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် ၂,၀၀၀ ကျပ်နှင့် သုခဆန်အမျိုးအစား ဆန်တစ်အိတ်လျှင် ၂,၀၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ထားဝယ်ဒေသထွက် ဆန်အမျိုးအစားများဖြစ်သည့် ထားဝယ်ပေါ်ဆန်း၊ ထားဝယ်ကမာကြည်နှင့် ထားဝယ်ဆန်ရှည်တို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယင်းအပြင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားများအနက် အကယ်ဒမီ အစိမ်း၊ အကယ်ဒမီ အနီ၊ ရွှေမြင်မိုရ် စသည့် ဆန်အမျိုးအစားအချို့မှာလည်း ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။

သို့သော် ယခုသီတင်းပတ် ထားဝယ်ဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ၁၀၀ ကျပ်နှင့် ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၁,၀၀၀ ကျပ်စီ ဈေးတက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်နေ့က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ၈,၅၄၀ ကျပ်မှ ယခုသီတင်းပတ် မေလ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၈,၆၄၀ ကျပ်နှင့် ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၁၉,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။