ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နှစ်ကာလများခြားသော်

April 27, 2026

ကားမစီးဖြစ်တဲ့နှစ်တွေ၊ ဓါတ်ပုံတွေ အရိုက်ခံရပြီး အလှဓါတ်ပုံမရိုက်ဖြစ်တဲ့နှစ်တွေ၊ ခရီးမသွားတဲ့နှစ်တွေ၊ လွတ်လပ်မှုတွေ ဆိတ်သုဉ်းပြီးစာကြည့်တိုက်တွေ မသွားဖြစ်တဲ့နှစ်တွေ၊ သီချင်းနားထောင်တဲ့အခါ အစသံစဉ်တွေကျော်ပစ်တဲ့နှစ်တွေ၊ ထိုင်တာကိုအလုပ်တစ်ခုလို လုပ်ခဲ့ရတဲ့နှစ်တွေ၊ ဒီမိုကရေစီလိုချင်လို့ ရေညှိတိုက်ခဲ့တဲ့နှစ်တွေ၊ အဲဒီလို နှစ်မျိုးတွေ ကျနော့်မှာ တကယ်ရှိခဲ့တယ်။ တကယ်ရှိခဲ့သော နှစ်ကာလများဆိုပါတော့။

တချို့က မေ့ပစ်လိုက်ဖို့ပြောတယ်။ အဲဒါတွေ မေ့ပစ်လိုက်ဖို့ဆိုရင် ကျနော်အတိတ်မေ့သွားမှရမယ်လေ။ ဒါမှမဟုတ် ရူးသွပ်သွားဖို့ပေါ့။ တချို့က မင်းရဲ့အိပ်မက်ဆိုးကြီး ပြီးသွားပြီလို့ ပြောကြတယ်။ မပြီးသေးတာ ကျနော်အသိဆုံး။ ပြီးခဲ့တယ်ဆိုရင်တောင် နောက်အိပ်မက်သစ် တစ်ခုစဖို့အတွက် အဲဒီအိပ်မက်ဆိုးကြီးက ကျနော့်အတွက် နိဒါန်း။ သူတို့တွေမပါဘဲ ကျနော်ရှေ့ဆက်မသွားနိုင်။ ကျနော် အတိတ်တွေထဲမှာ ပိတ်မိနေတယ်လို့ ခင်ဗျား ထင်ကောင်းထင်လိမ့်မယ်။ ဟင့်အင်း မဟုတ်ဘူး။ ကျနော်က ကျနော့်ရဲ့အတိတ်တွေထဲမှာပဲ ကျေကျေနပ်နပ်ကြီး နေထိုင်နေတာပါ။ ခင်ဗျားတို့သတ်မှတ်တဲ့ အဲဒီအတိတ်ဆိုးထဲမှာ ကျနော် ကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒါကြောင့်လည်း ကျနော် ကိုယ့်ကိုယ်ကို ကျေနပ်နေတယ်နဲ့ တူပါတယ်။

ကားပြန်စီးတဲ့နှစ်၊ သူများကို ဓါတ်ပုံတွေရိုက်ပေးပြီး ကိုယ်တိုင်လည်း ဓါတ်ပုံတွေအရိုက်ခံတဲ့နှစ်၊ ခရီးတွေပြန်သွားမဲ့နှစ်၊ သီချင်းတွေကို နားကိုက်သွားတဲ့အထိ နားထောင်လို့ရတဲ့နှစ်၊ အဲလိုမျိုးနှစ်တွေ ပြန်ရလာပါတယ်။ လွတ်လပ်မှုက ဆိတ်သုဉ်းဆဲ၊ စာကြည့်တိုက်တွေ ပိတ်ထားဆဲ။ ဆယ်စုနှစ်တစ်ဝက်ကျော် ရေညှိတိုက်ခဲ့ပြီး ကျန်သေးတဲ့ လူ့သက်တမ်းကို ဒီမိုကရေစီအတွက် ဆက်သုံးမယ်။ ထိုင်ချင်ထိုင် ထချင်ထလို့ရသွားပေမဲ့ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်မှာ အစစ်အဆေးတွေနဲ့။ ကျနော် ပျော်လားဆိုတော့ ပျော်တာပေါ့။ ကျနော်ကြောက်လားဆိုတော့လည်း ကြောက်ပါတယ်။

ကျနော် ပင်လယ်ပြာပြာဆီကို လှမ်းတယ်။ လမ်းဘေးဝဲယာတလျှောက်မှာ ကြွပ်ကြွပ်အိတ်တွေ ဗရပွနဲ့။ ကျနော်တို့သွားမဲ့ ခရီးရှည်ကြီးမှာတော့ ကြွပ်ကြွပ်အိတ်တွေ မရှိစေချင်ဘူး။ ရှိခဲ့ရင်လည်း ကောက်သိမ်းပေးမဲ့သူတွေ အားကောင်းပါစေ။ အမှိုက်ကောက်ချင်တဲ့ ကျနော့် လက်ဖဝါးတွေ ယားလာတယ်။ အမှိုက်ကောက်တာ ခေတ်စားတုန်းက အမှိုက်ကောက်ဖို့ စိန်ခေါ်ကြတဲ့သူတွေကို သတိရလာတယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့သူတွေကြောင့် ကျနော်တို့လည်း ကိုယ့်အလုပ် ကိုယ်မလုပ်ရတော့ဘူး။

ဒီရေတက်ချိန် ကမ်းစပ်ကို လှိုင်းအကြီးကြီးပုတ်သံ၊ လှိုင်းသေးသေးလေးတွေ ရိုက်ခတ်သံ။ ကျနော် လှိုင်းလုံးလေးတွေကို မမြင်ရခင် သူ့အသံကြားရကတည်းက ချစ်သွားတာ။ ကျနော် သူတို့နဲ့ မတွေ့ဖြစ်တာကြာပေါ့။ ကျနော်ချစ်တတ်သွားတာလည်း မကြာသေးပါဘူး။ အဲဒီအတိတ်ဆိုးထဲမှာ ကျနော် ကိုယ့်ကိုယ်ကိုရော၊ သူများကိုပါ အရင်ကထက် ပိုချစ်တတ်သွားတာ။ အဲဒီကာလကြီးမှာ ကျနော် အချစ်အကြောင်းတွေ အများကြီး သင်ယူလေ့လာခဲ့တယ်။

ကြောက်တာကြီးကိုလည်း အလေ့အကျင့်တစ်ခု ဖြစ်မသွားဖို့ ကျနော်ကြိုးစားပါတယ်။ ပင်လယ်ရေတွေ မြင်မြင်ချင်း ကျနော် နည်းနည်းရွံ့သွားတယ်။ ပထမတော့ သူ့ဆီနီးနီးလေး မသွားရဲဘူး။ နောက်တော့ ဖြည်းဖြည်းချင်းသွားလိုက်တယ်။ ပင်လယ်ကို မြင်တဲ့အချိန် ဆရာသစ္စာနီရဲ့ ပင်လယ်ကိုမဝယ်နိုင်ရင် ခရုခွံလေးတွေ ဝယ်ခဲ့ပါ ဆိုတဲ့စာသားလေးကို သွားသတိရမိတယ်။ ကျနော် ပင်လယ်ကြီးကို မဝယ်ချင်ပါ။ ဝယ်လည်းမဝယ်နိုင်ပါ။ ဝယ်ယူဖို့လောက်ထိ သတ္တိတွေလည်း ကျနော့်မှာ မရှိပါ။ အဲလိုပဲ ပင်လယ်ကြီးကို ရောင်းစားပစ်ဖို့လည်း အခွင့်အာဏာတွေ မပိုင်ထားသူပါ။ ရောင်းစားခံလိုက်ရရင်လည်း ခုချိန်မှာ ကျနော် တိတ်တိတ်ကလေး ငိုကြွေးမိမှာပါ။

ခရုလေးတွေ ဝယ်ယူဖို့ ကျနော်စိတ်ကူးရလာတယ်။ ငယ်ငယ်ကဆို ပင်လယ်ဆီရောက်တိုင်း ခရုခွံလက်ကောက်၊ ခရုကုံးဆွဲကြိုး၊ ခရုခွံခြင်းတောင်း စသဖြင့် ခရုခွံလေးတွေနဲ့ လုပ်ထားတဲ့ ပစ္စည်းလေးတွေ ဝယ်သိမ်းရတာ သိပ်ကိုကြိုက်ပါတယ်။ ခပ်လှမ်းလှမ်းကို လှည့်ပတ်ကြည့်တော့ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်လေးတွေ မရှိကြတော့ဘူး။ ကျနော်ဝမ်းနည်းလာတယ်။ အရင်လိုမဟုတ်တော့တဲ့ ကမ်းခြေ၊ သဲသောင်ပြင်မြင်ကွင်းကြောင့်ပေါ့။ ဒါပေမဲ့ ကျနော်ပျော်သွားတယ်။ ဝယ်လို့မရတော့တဲ့ ခရုခွံလေးတွေကို သဲသောင်ပြင်မှာ လိုက်ကောက်နိုင်သေးတာပဲ။ ကျနော် စပြီးလိုက်ကောက်တယ်။ ပြီးတော့ စိတ်မကောင်းဖြစ်သွားတယ်။ ကျနော် ကောက်မိတာ ခရုခွံတွေ မဟုတ်ဘဲ ဖန်ပုလင်းကွဲတွေ ဖြစ်နေတယ်။ သဲသောင်ပြင်ကြီးရဲ့ ရင်ဖွင်သံ၊ ငိုညည်းသံကို ကျနော်ကြားလိုက်ရပြီ။ ကျနော်လည်း ငိုချင်လာပြီး ကျနော့် အကြောင်းတွေ သူ့ကိုရင်ဖွင့်ခဲ့တယ်။ သူကတော့ ကျနော်ခံစားချက်တွေကို နားလည်ပေးနိုင်မှာပါ။ ကျနော်တို့က ဘဝတူတွေဆိုတော့လေ။

ဧပြီလဆန်းရဲ့ တစ်ခုသော မနက်ခင်းမှာ သီချင်းလေးတစ်ပုဒ်ကြားရတယ်။
အရင်တုန်းက ဒီလိုအချိန်ဆို မြန်မာပြည်မှာ ဘယ်နေရာသွားသွား “တူးပို့ တူးပို့” အသံတွေကြားနေရပြီ။ နယ်မြို့လေးရဲ့လူထူထပ်တဲ့နေရာတစ်ခုမှာပေါ့။

“သင်္ကြန်ရေ….လောကကြီးအေးချမ်းကြပါစေ။
ပန်းများအတိုင်း လန်းဆန်းကြပါစေ။
အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းမယ်”

သီချင်းသံစဉ်ကို စကြားကြားချင်း ကျနော် ခဏတာ ငုတ်တုတ်မေ့သွားတယ်။ ပြီးတော့ သီချင်းလေးကို လိုက်ခံစားကြည့်တယ်။ ဖွင့်ထားတာချင်းတူတဲ့ ကျနော့်နှလုံးသားရဲ့ ခုန်သံရော၊ တီဗွီကြီးကိုရောပေါ့။ သီချင်းလေးကို နားထောင်ရင်း အဲဒီသီချင်းရေးခဲ့၊ ဆိုခဲ့၊ ရုပ်လုံးပေါ်အောင် တီးခတ်ဖန်တီးခဲ့၊ သရုပ်ဆောင်ခဲ့ကြတဲ့သူတွေရဲ့ အပျော်တွေကို အားကျနေမိတယ်။ ကျနော်တို့ အဲလိုမပျော်ရတာ တော်တော်ကြာပြီလေ။ အဲဒီသီချင်းမှာ ကျောင်းသင်္ကြန်ဆိုတဲ့ စာလုံးကိုမြင်မိတော့ ၂၀၂၁ခုနှစ် မတိုင်ခင်က ဆင်နွှဲခဲ့တဲ့ ကျောင်းသင်္ကြန်တွေကို ပြန်မြင်ယောင်လာတယ်။ အရင်ကတစ်နှစ်မှာတစ်ခါ ပိတောက်ပန်းတွေပွင့်ပြီး ပျော်ခဲ့ကြတယ်။ အခု ပိတောက်တွေ ခဏခဏမြင်နေရပေမဲ့ ကျနော် မပျော်နိုင်ပါ။ ပျော်နေကြတဲ့သူတွေကိုမြင်တော့ မဖော်ပြတတ်တဲ့ ခံစားမှုတစ်မျိုး ခံစားရပါတယ်။ ပြက္ခဒိန်ပေါ်မှာပဲ သင်္ကြန်ဆိုတာ ရှိတော့တယ်။ သင်္ကြန်သီချင်းဖွင့်မိရင်တောင် စိတ်မလုံဖြစ်မိတယ်။

လောကကြီး တကယ်အေးချမ်းမနေပါ။ ပန်းတွေလည်း လန်းပြီးမဆန်းနိုင်ပါ။

ငယ်ငယ်ကဆို ပြက္ခဒိန်မှာ အနီရောင်ဂဏန်းတွေမြင်ရင် သိပ်ပျော်ရတယ်။ အခုတော့ အပြာရက်ရော၊ အနီရောင်ရက်ရော ပျော်စရာတွေ မရှိ၊ ရွှင်စရာတွေ နတ္ထိ။ သင်္ကြန်ပိတ်ရက်ရှည်မှာလည်း ဖေဖေဝယ်လာပေးတဲ့ သင်္ကြန်သီချင်းခိုးကူးခွေတွေ၊ ကလေးသင်္ကြန်သီချင်းခွေတွေ ဖွင့်ပြီး လိုက်ဆို၊ လိုက်ကနဲ့ပေါ့။ အဲဒီအချိန်တွေတုန်းက ပျော်တယ်ဆိုတာကို နားမလည်ပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ ပျော်နေခဲ့တယ်ဆိုတာကို သဘောပေါက်လာတယ်။ အဲဒီနှစ်ကာလတွေမှာပေါ့။

လောကကြီး အမြန်အေးချမ်းပါစေ။ ပန်းတွေလည်း လန်းနိုင်ပါစေ။

တီဗွီကြီးကတော့ ၄၃ လက်မရှိပြီး မြန်မာငွေ သိန်း ၂၀ ကျော်တန်တယ်ဆိုပါလား။ ကျနော် တီဗွီမကြည့်ဖြစ်တာ တစ်လကျော်ပြီ။ အရင်ကတော့ နေ့တိုင်းမဟုတ်တောင် ရံဖန်ရံခါကြည့်ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ၂၁ လက်မ တီဗွီအစုတ်လေးကို လူ ၃၀ ကျော် အတူတူစုကြည့်ခဲ့ကြတာပေါ့။ မြန်မာကားတွေနဲ့ မြန်မာ့သတင်းတွေကို အလုအယက်ဖြစ်ခဲ့ကြတဲ့နှစ်တွေဆိုပါတော့။ တကယ်ရှိခဲ့ဖူးတဲ့ နှစ်တွေပေါ့။

ကျနော်တို့ခေတ္တခဏ တည်းခိုဖူးတဲ့နေရာမှာ စုံရက်၊ မရက်ခွဲတဲ့စနစ်ရှိပါတယ်။ အခုလည်း တစ်နိုင်ငံလုံးမှာ စက်သုံးဆီအကြောင်းပြ စုံရက်၊ မရက်တွေ သတ်မှတ်နေပြန်တယ်။ ကျနော်တို့အားလုံးဟာ ထောင်ဝင်နံပါတ်ရှိတာနဲ့ မရှိတာရယ်၊ မရှိသေးတာရယ်၊ ပုံစံအင်္ကျီဝတ်ရတာနဲ့ မဝတ်ရတာရယ်ပဲ ကွာပါတယ်။ ကိုယ့်နိုင်ငံကြီးထဲမှာပဲ အတူတူအကျဉ်းကျနေကြပါတယ်ပေါ့။

ကျနော် မသောက်ဘဲနဲ့ မူးခဲ့တယ်။ ကျနော်နှလုံးသားလေးကလွဲလို့ ကျနော်ဘာကိုမှ သတိမထားနိုင်ပါဘူး။ အကောင်းဆုံးကို ကြိုးစားခဲ့ကြပြီး ကောင်းတဲ့ပြောင်းလဲခြင်းတွေ အများကြီးမတွေ့ရပေမဲ့ ကျနော်လက်ခံလိုက်ရပြီ။ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရတယ်။ ကျနော် အိမ်စာတွေ အများကြီးလုပ်ရမယ်။ ကျနော် ပြောင်းလဲသွားပါပြီ။ ပျော်လားဆိုတော့ ပျော်ပါတယ်။ အဲဒီအပျော်တွေ ကြာကြာမခံပါဘူး။ ကြောက်လားဆိုတော့ ကြောက်ပါတယ်။ အဲဒီအကြောက်တရားတွေလည်း ကြာကြာမခံဖို့ ကျနော် ကြိုးစားပါမယ်။ ။

ရေသာမန်
၂၃.၃.၂၀၂၆
နံနက် ၁ နာရီ