ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဆိပ်ပွင့်ကလေးတွေ

April 25, 2026

အဖေ့အိမ်မှာ ပလတ်စတစ်အိတ်လေးတွေ တွေ့လိုက်ရတယ်။ အဖြူရောင်လေးတွေချည်းပဲ။ လေပေါ်ဝဲလည်ဝဲလည်နဲ့ရယ်ပါ။

ဒီနေ့ခေတ်မှာ ပလတ်စတစ်အိတ်တွေကို ကိုယ့်အနီးအနားမှာရော ခပ်ဝေးဝေးမှာရော နေရာတကာ တွေ့နေရတာမို့ ပုံမှန်အားဖြင့်တော့ ဒါဟာ ထူးဆန်းမှုတစ်ခု မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်းပါတယ်။

အဖေက သုံးပြီးသား ပလတ်စတစ်အိတ်တွေကို သေချာဆေးကြောပြီး သံဆန်ခါပြားတစ်ခုရဲ့ အကွက်တစ်ကွက်စီတိုင်းမှာ တစ်အိတ်စီ ချည်၊ နေပြထားခြင်းပါ။ ဒီနေ့လို ခေတ်ကြီးမှာ ဒီလို ဘယ်သူမှ မလုပ်တော့ဘူး မလားဗျ။

အဖေ အဲဒီလို လုပ်ထားတာကို ကျွန်တော်တွေ့လိုက်ရတာက ရေချိုးခန်းထဲ ခြေဝင်ဆေးချိန်၊ ရေချိုးခန်းဆီ လေဝင်အောင် ဖောက်ထားတဲ့ မကျဉ်းမကျယ်လွန်း အပေါက်လေးတစ်ခုကနေပါ။

ပလတ်စတစ်အိတ်လေးတွေက သူတို့ကို ချည်နှောင်ထားတဲ့ သံဆန်ခါကွက်လေးဆီကနေ ထွက်ပြေးဖို့ လေအားကိုးနဲ့ အားကုန်ရုန်းကန်ပြီး လေထဲဝဲလည်ဝဲလည် ဖြစ်နေကြရှာပါတယ်။

ခြေဆေးပြီးတဲ့အခါ ရုန်းနေတဲ့ ပလတ်စတစ်အိတ်လေးတွေကို မကျဉ်းမကျယ်အပေါက်ကလေးကနေ ခဏရပ်ပြီး ငေးကြည့်ဖြစ်ပါတယ်။ အဖေဘာလို့ အပင်ပန်းခံပြီး ဒီလိုတွေ လုပ်နေရတာပါလိမ့်ဆိုတဲ့အတွေးကို ဦးနှောက်ထဲ ချည်လျက်ပေါ့။ ပုံမှန်အားဖြင့် တစ်လကို တစ်ပြည်ဝင်အိတ် အလုံးတစ်ရာပါတဲ့ အထုပ်နှစ်ထုပ်လောက်ကို အဖေ့အိမ် ကျွန်တော်ဝယ်ပို့ဖြစ်ပါတယ်။

အမေက လေဖြတ်ထားတော့ တံတွေးထွေးဖို့ ၊ အမေ ထမင်းစားတဲ့အခါ သူ မကြိုက်တာလေးတွေကို ရွေးပြီးပစ်ဖို့၊ အညစ်အကြေးတွေ သုတ်သင်တဲ့အခါ စွန့်ပစ်ဖို့ဆိုပြီး တစ်ပြည်ဝင် ပလတ်စတစ်အိတ်လေးတွေကို ထွေးခံတွေမှာ အသင့်စွပ်ထားပေးပြီး ပစ်ရလွယ်အောင် စီမံပေးထားခြင်းဖြစ်ပါတယ်။

“အဖေရေ ပလတ်စတစ်အိတ်တွေ အပင်ပန်းခံပြီး ဘာလို့ လျှော်ပြီး လှန်းနေသေးတာလဲ။ အိတ်ကုန်ရင် ဖုန်းဆက်လိုက်ပေါ့။ အပင်ပန်းမခံပါနဲ့ဗျ”

ရေချိုးခန်းထဲက ကျွန်တော်ထွက်လာတော့ အဖေ့ကို ဒီအတိုင်းပြောဖြစ်ပါတယ်။

“ဘာမှ အပင်ပန်းလုပ်ရတာ မဟုတ်ပါဘူးကွာ။ မနက်ပိုင်း ဈေးသွားတော့ ဈေးသည်တွေက ငရုတ်သီးဝယ်လည်း ပလတ်စတစ် တစ်လုံးနဲ့ထည့်ပေး၊ ရုံးပတေသီးဝယ်လည်း တစ်လုံးနဲ့ထည့်ပေး၊ ဘာဝယ်ဝယ် အိတ်တစ်လုံးစီထည့်ပေးတော့ အိမ်လည်းရောက်ရော ပလတ်စတစ်အိတ်တွေ များနေချက်။ ဒါကြောင့် အိတ်တွေကို ပြန်လျှော်ပြီး နေပြထားတာ။ ဘာမှ အပင်ပန်းမလုပ်ရပါဘူး။ မင်း အမေအတွက် ပြန်သုံးရတာပေါ့။ ခုခေတ်မှာ အရာအားလုံးဈေးနှုန်းတွေ ထိုးတက်နေတာ မင်းလည်းအသိပဲ။ ပြန်သုံးလို့ရတာလေးတွေ ပြန်သုံးထားမှ တော်ကာကျမှာ”

အဖေက ကုလားထိုင်ထက် ဆေးလိပ်ဖွာရင်းကနေ ကျွန်တော်ကို ပြန်ပြောရှာပါတယ်။ အဖေပြောမှ ကျွန်တော် ပြန်စဉ်းစားကြည့်မိတယ်။ ပလတ်စတစ်အိတ် ဝယ်လာပေးဖို့ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အဖေမပြောတာ တအားကို ကြာနေပါပြီ။ အမေက ၂၀၂၁ ဧပြီလမှ လေစဖြတ်တာပါ။ စစ်အာဏာသိမ်းကာလ နိဒါန်းပိုင်းလေးမှာဆိုပါတော့။ အဲဒီအချိန်တုန်းက တစ်ပြည်ဝင်အိတ်အလုံးတစ်ရာပါတဲ့ အိတ်တစ်ထုပ်ကိုမှ ၆၀၀ ကျပ်တည်းပါ။ အခုတော့၂,၅၀၀ကျပ်တောင် ဖြစ်နေပါပြီ။

ပလတ်စတစ်အိတ်လေးတွေကို အဖေ အခု လုပ်ထားသလိုမျိုး ငယ်ငယ်ကလည်း ကြုံခဲ့ဖူးပါတယ်။ အဖေ့ရဲ့အမေ ကျွန်တော်ရဲ့အဘွားဖြစ်သူဆီမှာ ကြုံရခြင်းပါ။ အဖေက သူဘာသာသူ လျှော်ဖွတ်ပြီး နေပြခြင်းဖြစ်ပေမယ့် အဘွားဖြစ်သူကတော့ ကျွန်တော့်ကို ပလတ်စတစ်အိတ်တွေ လျှော်ဖို့ ခိုင်းလေ့ရှိပါတယ်။ အိတ်မျိုးစုံပါပါတယ်။ သကြားဝယ်တဲ့အခါ ပါလာတတ်တဲ့ အိတ်အကြည်တွေလည်းပါသလို ငါးဝယ်ရင် ပါလာတတ်တဲ့ ပလတ်စတစ် အိတ်ရောင်စုံတွေလည်းပါပါတယ်။

ဆေးဆိုင်က ဆေးထည့်ပေးလိုက်တဲ့ ပိစိကွေး အိတ်အကြည်လေးတွေနဲ့အတူတူ ဆယ့်ခြောက်ရက်မှာ တစ်ကြိမ်ထွက်တဲ့ ချဲထီ(ကျွန်တော်တို့ ဆီတော့ ရှမ်းထီလို့လည်းခေါ်ပါတယ်)ထိုးတဲ့အခါ ဒိုင်က ထီလက်မှတ်ထည့်ပြီးပေးလိုက်တဲ့ အပေါက်ဝဖိပိတ်ရတဲ့ အိတ်ပါးကလေးတွေလည်း ပါပါတယ်။ တခါတလေ ဆာလာအိတ်တွေရော၊ ကျန်ကျောင်းအိတ်တွေရော စုံလို့ပါပဲ။ ကျွန်တော်တော့ ဒီအိတ်တွေ လျှော်ဖွတ်သန့်စင်ပေးရတာကို တစ်ခါမှ စိတ်မကြည်ခဲ့ပါ။

ဒီအိတ်တွေ ခြောက်သွားတဲ့အခါ လက်နဲ့ဖိ၊ ညီညီညာညာထပ်ပြီး စီပေးရသေးတယ်။ များလာတဲ့အခါ အဘွားက တချို့ကို ဈေးက ငါးသည်တွေဆီ ကုန်စိမ်းသည်တွေဆီ သွားပေးပါတယ်။ တချို့ကိုကျ သူအသုံးလိုရင် သုံးလို့ရအောင် အလိပ်ကလေးတွေ လုပ်ပြီး မုန့်ပုံးခွံထဲ ထည့်သိမ်းပါတယ်။

ဆာလာအိတ်တွေကိုကျ သေသေချာချာ ကြိုးနဲ့စည်းပြီး အိမ်သားအားလုံး မြင်သာပြီး အလွယ်တကူ ယူလို့ရတဲ့ နေရာမှာ တွဲလောင်းချိတ်ထားပါတယ်။ ကျွန်တော်တို့ မြို့က မီးမကြာမကြာလောင်တော့ မီးလောင်ရင် ပစ္စည်းပစ္စယတွေ အလွယ်တကူ သိမ်းကျုံးထည့်ရအောင်ပါတဲ့။

အခု အဖေ့မှာလည်း သူ့အမေရဲ့ သွေးများသာမက အတွေးများပါ စီးဆင်းနေပုံရတယ်။ ဝမ်းသာစရာလား၊ ဝမ်းနည်းစရာလား၊ ရယ်စရာလားတော့ မတွေးတတ်။ ကျွန်တော်တော့ ဒီလို ပလတ်စတစ်အိတ်တွေကို ပြန်သုံးရတာမျိုး လုံးဝသဘောမကျတတ်တဲ့ သူရယ်ပါ။ တစ်ခါသုံးပြီးရင် ပစ်တတ်တဲ့ အကျင့်က ကျွန်တော့်ဆီ စွဲနေတယ်။ အလွယ်တကူ ပြန်ဝယ်လို့ရနေတာကြောင့်ရော ပြန်သုံးဖို့အရေး ဆေးရကြောရလုပ်ရတာကို စိတ်မရှည်တာကြောင့်ရော ပါပါတယ်။

တွေ့မြင်ရသမျှအပေါ်မူတည်ပြီး ပြောရရင်တော့ ဒီစိတ်မရှည်ခြင်းမျိုးဟာ ကျွန်တော့်တစ်ယောက်တည်းဆီမှာပဲ ကိန်းနေတာမျိုး မဟုတ်ဘူးထင်ပါတယ်။ ဒီနေ့ခေတ်မှာ လူအများစုဟာ ပလတ်စတစ်တွေကို တစ်ခါသုံးအနေနဲ့ပဲ သုံးတာများကြပြီး ကမ္ဘာပေါ်မှာ ပလတ်စတစ်အမှိုက်တွေ ပိုများလာအောင် လုပ်မိနေကြတယ်မလား။ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမျိုးတော့ ဘယ်ဟုတ်မလဲ။

ဒါပေမဲ့လည်း အခြေအနေတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာကိုတော့ အားလုံးလက်ခံမှရလိမ့်မယ်။
၂၀၅၀ပြည့်နှစ်ရောက်တဲ့အခါ ပင်လယ်သမုဒ္ဒရာထဲမှာ ငါးအရေအတွက်ထက် ကျွန်တော်တို့ လူသားတွေ စွန့်ပစ်ထားတဲ့ ပလတ်စတစ်အိတ်တွေက ပိုများလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းချက်တွေတောင် ထုတ်နေကြရပြီလေ။

ဘယ်လောက်အထိများ ကြောက်စရာကောင်းလိုက်ပါသလဲ။ ပလတ်စတစ်ဟာ အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်နေသလို အန္တရာယ်အကြီးဆုံး ရန်သူလည်းဖြစ်နေပါတယ်။ ဒါကို ကျွန်တော်အပါအဝင် နည်းပညာတွေကြား နေ့စဉ်ရက်ဆက်ဖြတ်သန်းနေကြတဲ့ သူတွေအားလုံးသိကြပါတယ်။ သတင်းတွေ ရုပ်ရှင်တွေမှာ ပလတ်စတစ်ဆိုးကျိုးအကြောင်း မကြာမကြာတွေ့နေကြရတယ်လေ။

ကျွန်တော့်အဘွားနဲ့ကျွန်တော့်အဖေဟာ နည်းပညာနဲ့ အလှမ်းဝေးကြသူတွေမို့ အပေါ်က ပညာရှင်တွေပြောနေကြတဲ့ ကြောက်စရာကိန်းဂဏန်းအချက်အလက်တွေကို သိထားကြတာမျိုးမရှိတာ သေချာပါတယ်။ ဒါပေမဲ့ သူတို့နည်း သူတို့ဟန် သူတို့ရဲ့ သီးသန့်ရည်ရွယ်ချက်တွေနဲ့ ပလတ်စတစ်အိတ်တွေကို ပြန်သုံးရင်း ကမ္ဘာကြီးကို မထင်မှတ်ဘဲ မတော်တဆ အကျိုးပြုမိနေကြတဲ့သူတွေလို့ ဆိုရပါမယ်။

နည်းပညာခေတ်ဖွား ကျွန်တော်တို့ကတော့ ပလတ်စတစ်ရဲ့ ဘေးအမျိုးမျိုးကို သိနေလျက်နဲ့ ပြန်သုံးတာမျိုး၊ လျော့သုံးတာမျိုး၊ ပြန်လည်ဖန်တီးသုံးတာမျိုးတွေ အင်မတန်မှ အားနည်းလွန်းကြပါတယ်။

ခေတ်ပိုးဖလံလေးတွေပေါ့။ ပလတ်စတစ်မီးထဲ မိုက်မိုက်မဲမဲ တိုးဝင်ဖို့ကောင်းနေတုန်း…။

ဘရိုင်ယံရိန်း