ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သစ်ပင်တွေ စကားပြန်ပြောနေကြပြီ

May 16, 2026

သစ်ပင်တွေဟာ မညာတတ်ကြပါဘူး။ နံရံတွေကသာ နားရှိတယ်ဆိုပြီး မကြား တတ်ကြတာပါ။ မကြားချင်ယောင်ဆောင်တတ်ကြတာပါ။ ကြားချင်တာကိုသာ ကြားတတ်ကြတာပါ။ ကြားရင်လည်း အမှန်အတိုင်း နားမဝင်ကြပါဘူး။ သစ်ပင်တွေက အဲဒီလို မဟုတ်ဘူး။ သစ်ပင်တွေဟာ ပညာမတတ်ပေမဲ့ ကြင်နာတတ်ကြပါတယ်။ ချစ်ခင်စရာ ကောင်းတဲ့ သစ်ပင်တွေပါ။

သစ်ပင်တွေ အခု စကားပြောနေကြပြီ။ ပြန်ပြောတဲ့သစ်ပင် တွေများလာကြပါပြီ။

သစ်ပင်တွေက စကားတွေပြန်ပြောကြတယ်ဆိုတာကို အပြစ်တစ်ခုလို မြင်ကြသူတွေကလည်း များသားပဲ။ ဒီလိုပါပဲ၊ သာမန်လူမပြောနဲ့ အချို့သော စိတ်ကုဆရာတွေတောင်မှ သစ်ပင်တွေကပြန်ပြောတဲ့စကားကို နားမထောင် ကြပါဘူး။

သစ်ပင်တွေပြန်ပြောတဲ့စကားကို ကြားတဲ့သူက သေချာဂရုတစိုက်နဲ့ တိတိကျ ကျ ပြန်ရှင်းပြရင်လည်း သူတို့က သူတို့ရဲ့ဘုတ်အုပ်တွေထဲ ကသတ်မှတ်ချက်အတိုင်းပဲ မှတ်ချက်ချကြတာပါ။ ပြောနေတဲ့သူကို ထောက်ခံသယောင်၊ နားလည်သယောင်၊ စာနာသယောင် ဟန်ဆောင်ပန်ဆောင်လုပ်ကြပါသေးတယ်။ သနားဖို့ ကောင်းပါတယ်။

ပြီးတာနဲ့ ပြောတဲ့သူကို လူနာလုပ် လိုက်ကြတာပါပဲ။ သစ်ပင်တွေက အဲသလိုမလုပ်ဘူးလေ။ သစ်ပင်တွေက သေချာနား ထောင်တတ်ကြပါတယ်။ အပြန်အလှန်ပြောလို့ရတယ်။ အင်တာဖိတ် ဒိုင်ယာလော့ လုပ်လို့ရတယ်။

သစ်ပင်တွေ နေကောင်းကျန်းမာနေဖို့ သိပ်အရေးကြီးပါတယ်။ သစ်ပင်တွေ အားအင်ချည့်နည့်နေရင် ဘယ်ကောင်းပါ့မလဲ။ သစ်ပင်တွေသေဆုံးသွားကြမယ်ဆိုရင်တော့ ကြေကွဲဖွယ် အကောင်းဆုံးဖြစ်မှာပေါ့။

စကားပြန်ပြောတဲ့သစ်ပင်တွေ များလာတဲ့ အခုလိုအခါမှာ သူတို့ကို နွေးထွေးကြင်နာစွာ ဂရုပြုပေးကြဖို့လိုပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန်ဖေးမ ပေးကြဖို့လည်းလိုအပ်ပါတယ်။ သည်အရေးဟာ ရင်ဘတ်ချင်း ဆက်ပြီး မပျက်မကွက် ကျယ်ကျယ်လောင်လောင်ပြောဆို လုပ်ဆောင်ရတော့မှာဖြစ်ပါ တယ်။ စည်းရုံးလှုံ့ဆော်ကြရမှာပါ။

သစ်ပင်တွေက စကားပြန်ပြောနေကြပါပြီ။

အရှေ့မှာ၊ ဘေးမှာ၊ ခပ်ဝေးဝေးမှာ၊ အနီးလေးမှာ သေချာကြည့်ပါ။ စကားပြောနေကြတဲ့သစ်ပင် တွေကို တွေ့ရမှာပါ။ သစ်ပင်တွေ နေကောင်းစေဖို့ဆိုလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး တို့၊ သစ်တောမပြုန်းတီးရေး တို့ စတဲ့ ခပ်မြင့်မြင့်အရေးတွေကို မပြော သေးပါဘူး။ အဲသည့်အရေးကိစ္စကလည်း သိပ်ကို အရေးကြီးတာပါပဲ။ လက်ရှိမှာလည်း နိုင်သလောက် စွမ်းသလောက် လုပ်ဆောင်နေကြသူတွေရှိနေပါတယ်။

အသိပညာပေး လုပ်ငန်းတွေလည်း မြင်နေ တွေ့နေရပါတယ်။ တော်တော်များများကလည်း အခြေခံသဘောတရား ကောင်းကျိုး ဆိုးပြစ်တွေကို အနည်းနဲ့အများတော့ သိနေကြပါပြီ။ ဝမ်းနည်း စရာကောင်းတာကတော့ သစ်ပင်တွေလည်း သေဆုံးနေကြတုန်းပါပဲ။

မြန်မာပြည်ကို ဂြိုလ်တုဓါတ်ပုံတွေမှာ ကျိုးတို့ကြဲတဲသစ်တောတွေ၊ တောင်ကတုံးတွေ အဲသလိုပုံတွေ မြင်နေရပါတယ်။ တနင်္သာရီတိုင်းက အပူပိုင်းမိုးသစ်တောကြီးတွေ ပျက်စီးသေဆုံးလာ နေပြီဆိုတဲ့အကြောင်းကို နေ့စဥ်ဖော်ပြသတိပေး အသိပေးလှုံ့ဆော်နေတာလည်းရှိနေပါ တယ်။ ကောင်းတယ်။ လိုအပ်နေတာကိုး။

သစ်ပင်တွေမရှိတော့ဘူးဆိုရင် ရာသီဥတုတွေဖောက်ပြန်တယ်။ ကမ္ဘာကြီး ပူ နွေးလာတယ်။ အခုဆိုရင် ကမ္ဘာကြီးက ပူနွေးရုံသာမက လောင်တောင်လောင်နေပြီလား လို့ခံစားနေကြရပြီမဟုတ်လား။ အဲသလောက်ဖြစ်လာနေတာတောင် သစ်ပင်တွေ စကားပြန်ပြောနေတာကို နားမထောင်ကြသေးဘူး။

ဒါတွေက သစ်ပင်တွေ သေဆုံးကြလို့ ဖြစ်လာတဲ့ ဆိုးကျိုးတချို့ပဲရှိသေးတယ်။ သစ်ပင်တွေမရှိတော့တဲ့အခါ ရှူစရာ လေသန့်သန့် လည်း လျော့နည်းရှားပါးလာပြီ။ လေထုညစ်ညမ်းတာကြောင့် ကျန်းမာရေးထိခိုက်နေကြ ပြီ။

စိတ်လက်ကြည်လင်ပေါ့ပါးစေမယ့် စိုပြေစိမ်းလန်းနေတဲ့ သစ်ပင်တွေကို တွေ့မြင်ခံစားနိုင်ခွင့် မရရှိကြတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပမ်းမှုတွေ ပိုမိုများပြားလာကြပါပြီ။ စိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်ဟာ စိတ်ကျန်းမာရေးကို တစ်ဖက်တလမ်းက အထောက် အကူပြုနေပါတယ်။ သစ်ပင် ပန်းမန် တောတောင်တွေကိုတွေ့မြင်ခံစားရတဲ့အခါအများစု က စိတ်ရွှင်ပျကြည်နူးကြတာပါပဲ။ သန့်စင်တဲ့အောက်စီဂျင် လတ်လတ်ဆတ်ဆတ်ရှုရ တယ်။

လေညှင်းလေးက တိုးတိုးလေး ပြောသွားသလို သစ်ရွက်တွေကလည်း ဟာမိုနီ လိုက်ဆိုကြတာ ခံစားတတ်ရင် ရင်ဘတ်ထဲရောက်ပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ပင်ပမ်းတာတွေ၊ စိတ် ဖိစီးနေတာတွေ အထိုက်အလျှောက် ပြေပျောက်သွားတာပဲ။

တစ်ယောက်ထဲ အထီးကျန်နေတဲ့အခါ သစ်ပင်တွေနဲ့စကားပြောပါ ဆိုတဲ့စကားလည်းရှိပါ တယ်။ သစ်ပင်တွေက စကားပြန်ပြောလာပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်စီကို သွားပါ ဆိုလားပဲ။ ကဲ အခုတော့ သစ်ပင်တွေက စကားပြန်ပြောနေကြပါပြီ။

နံရံတွေမှာ နား ရှိတယ် ဆိုတာကျတော့ ကိုယ်ပြောတာတွေကို တခြားသူတွေ ကြားသွားနိုင်တယ်၊ သတိထားသင့်တယ်၊ လျှို့ဝှက်ထားရမယ့်စကားလား၊ ပြောမိပြောရာ လျှောက်ပြောမိမှာ စိုးလို့ တစ်ယောက်ယောက်က သတိပေးတဲ့အခါမျိုးမှာ နံရံတွေမှာ နား ရှိတယ်နော်ဆိုပြီး ပြောလေ့ရှိပါတယ်။

ချစ်ဖူးတယ် အိုမလွယ်ဘူး ရူးနိုင်တယ်ဆိုတဲ့ ကိုချစ်ကောင်းကကျ တော့ နံရံအားလုံး နားတွေရှိရင် ဘဝကို သီချင်းလုပ် ဆိုချင်ပြန်ရော။ အခု စကားပြန် ပြောနေကြတဲ့သစ်ပင်တွေအတွက်ကော နားထောင်ပေးမယ့်၊ ကြားနိုင်မယ့် နံရံတွေ သိပ် များမနေပြန်ဘူး။ လူထုနွေဦးအွန်လိုင်းပေ့ချ်မှာ စာရေးဆရာ အောင် ရေးသားတဲ့ စိတ် ကျန်းမာရေးသတိပြုပါ ဆောင်းပါးကိုဖတ်ရတဲ့အခါ စကားပြန်ပြောတဲ့သစ်ပင်တွေရဲ့ ပြန် ပြောစကားတွေကို ကြားနာ နားထောင်ပေးမယ့်သူတွေ လိုအပ်နေပြီဆိုတာခံစားနားလည် ရပါတယ်။

စစ်အာဏာရှင်စနစ်အောက်က ပြည်သူလူထု လက်ရှိခံစားနေကြရတဲ့ဘဝတွေ ကို ညွှန်းဆိုရေးသားထားပါတယ်။ အာဏာသိမ်းကာလနောက်ပိုင်းမှာ စိတ်ကျန်းမာရေး ဆိုင်ရာပြဿနာကြုံရသူတွေ ပိုမိုများပြားလာတဲ့အကြောင်း ထုတ်ပြန်ချက် စစ်တမ်းတွေ ကို ကိုးကားဖော်ပြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစရာတွေကလည်း နေ့စဥ် လို တွေ့နေ မြင်နေ ကြားနေကြရတာပါ။

စီးပွားရေး၊ လူမှုရေး၊ ရုပ်ပိုင်း စိတ်ပိုင်း မလုံခြုံမှု၊ ဗုံးကြဲ တိုက်ပွဲ၊ မိသားစု တကွဲတပြားဖြစ်၊ သေကွဲ ကွဲရ၊ ခန္ဓာထိခိုက် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရ စတာတွေကြောင့် စိတ်ဓာတ်ကျဆင်းတာ၊ စိတ်ဖိစီးတာတွေ ကြုံတွေ့နေကြရပါ တယ်။ အဲဒီလို ဖြစ်ရပ်ဆိုးတွေရဲ့ နောက်ဆက်တွဲအဖြစ် ပြင်းထန်တဲ့စိတ်ဖိစီးမှုဝေဒနာနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မိတဲ့ပြဿနာတွေ ခံစားနေကြရပါတယ်။

ဆောင်းပါး မှာတော့ ကိန်းဂဏန်းတွေ အချက်အလက်တွေ အကိုးအကားတွေနဲ့ အတော်လေးပြည့်စုံ အောင် ရေးသားထားပါတယ်။ စိတ်ကျန်းမာရေးအတွက် တစ်ကိုယ်ရည် စောင့်ရှောက် ပေးနိုင်မယ့် နည်းလမ်းအချို့ကိုလည်း ဖော်ပြပေးထားတယ်။ လက်ရှိမြန်မာနိုင်ငံမှာ စိတ် ကျန်းမာရေးဆိုင်ရာ ဆရာဝန်ဦးရေဟာ တစ်ရာလောက်ပဲရှိနိုင်တယ်လို့ ဆိုင်ရာနယ်ပယ် က ဆရာဝန်နဲ့ ဝန်ထမ်းအချို့ရဲ့ခန့်မှန်းချက်ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

ဒါတွေကတော့ စကားပြန်ပြောတဲ့သစ်ပင်တွေ များလာနေတဲ့ဖြစ်စဥ်အပေါ် တော်ရိလျော်ရိ သဘောမထားသင့်တော့ဘူးဆိုတာကို တပ်လှန့် အချက်ပေးနေတာပဲဖြစ် ပါတယ်။ နားတွေရှိတယ်ဆိုတဲ့ နံရံတွေက ဂရုတစိုက်နားထောင်ပေးကြရမှာပါ။ ခေတ် အခြေအနေအရ အွန်လိုင်းပေါ်ကနေ စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံ ပေး တိုင်ပင် နိုင်တဲ့ အဖွဲ့တွေလည်း ရှိတော့ရှိနေပါတယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျ ဆင်းတာတွေ စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် အလုပ်ရုံဆွေးနွေးပွဲဆိုတာမျိုး နယ်စပ်မြို့တချို့မှာ အခါအားလျော်စွာလုပ်ဆောင်နေတာလည်းတွေ့ရပါတယ်။ အခုလို ဘေးကြပ်နံကြပ် ခေတ်ပျက်ကာလမှာ နေ့စဥ်လိုလို စိုးရိမ်စိတ်တွေနဲ့ ဖိအားဒဏ်တွေ ခံနေကြရတာပါ။

အကျိုးဆက်က ပြင်းထန်တဲ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဝေဒနာ၊ စိတ် ဒဏ်ရာရဲ့နောက်ဆက်တွဲစိတ်ရောဂါ စတာတွေဖြစ်ပါတယ်။ ‌ကာကွယ်နည်းတွေ၊ ဖြေသိမ့်နည်းတွေ၊ လျှော့ချရေးတွေ သူ့နည်းသူ့ဟန် ရှိကြပါတယ်။ လုပ်ဆောင်နေကြတာ လည်းရှိပါတယ်။

အဓိကအကြောင်းရင်းကိုတော့ သစ်ပင်တွေက စကားပြောနေကြတာပါပဲ။ အနီးနားက နံရံတွေကော၊ ခပ်ဝေးဝေးကမ္ဘာက နံရံတွေကော မကြားချင် ယောင်ဆောင်နေကြတုန်းပဲ။ ကြားချင်သလောက်ပဲ ကြားကြတုန်းပဲ။ အဲဒီတော့ စကား ပြန်ပြောနေကြတဲ့သစ်ပင်တွေကို အပြစ်မတင်ကြနဲ့တော့။ ခေတ်ပျက်စေတဲ့ ဇစ်မြစ်ကို အမြစ်ဖြတ်နိုင်ဖို့ပဲ ဦးလည်မသုန် ရင်ခုန်နေကြရမှာပါ။

သစ်ပင်တွေ စကားပြန်ပြောနေ ကြပါပြီ။ ကျေးဇူးပြုပြီး သေသေချာချာ နားထောင်ပေးကြပါ။

ကိုအားပို