ဖြည်းဖြည်းလေးပဲ လွမ်းလွမ်း၊ တစိမ့်စိမ့် တွေးတွေးပြီးတော့ပဲ လွမ်းလွမ်း၊ အဝေးပြေးလမ်းများဆိုတာ ကိုယ်စီမှာရှိကြတာပဲ မဟုတ်လား။ ရှိခဲ့ကြတာမဟုတ်လား။ ရှိနေကြတာ မဟုတ်လား။ တကယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း အဝေးပြေးလမ်းတစ်ခုစီ ဖြစ်နေကြတာပါ။ ကတ္တရာဖြစ်ရင်ဖြစ်မယ်။
ကွန်ကရစ်ဖြစ်ရင်ဖြစ်မယ်။ လယ်တောလမ်းကလေး၊ ဒါမှမဟုတ် ဘေးတစ်ဘက်တချက်စီမှာ နီယွန်မီးတိုင်တွေနဲ့လင်းထိန်နေတဲ့ လေးလမ်းသွား လမ်းမကြီးလည်းဖြစ်ကောင်းဖြစ်မယ်။ အဝေးဆီကိုရောက်အောင်သွားနိုင်ရမယ့်လမ်းဆိုရင်တော့ အဝေးပြေးလမ်းပဲပေါ့။
အဲသည့်လို အဝေးပြေးလမ်းများဟာ မြေပြန့်လွင်ပြင် တွေမှာရှိသလို လျှိုမြောင်တောတောင်တွေပေါ် ကျော်ဖြတ်ခင်းကျင်းထားကြတာလည်း ရှိနေတာပါပဲ။ မြေသားထုကြီးတွေအောက်ကနေ လိုင်ဂူနဲ့ဖောက်ဝင်တိုးထွက်သွားကြတာ လည်းရှိတယ်။ မြစ်ကမ်းနံဘေးပေါ်မှာ မြစ်ကြောင်းရဲ့အကွေ့အကောက်အရ အထာတကျ ခွေခေါက်ထားတဲ့မြွေတစ်ကောင်လို ပုံစံမျိုးလည်းရှိတာပါပဲ။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့မှာဆိုရင် ပင်လယ်ရေပြင်အောက်ကနေ ဖြတ်သန်းဖောက်လုပ်ထားကြတဲ့လမ်းတွေလည်းရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဝေးပြေးလမ်းဆိုတာချင်းတော့ အတူတူပဲဖြစ်ပါတယ်။ အစကနေ အဆုံးအထိ မိုင်၊ ကီလိုမီတာ အကွာအဝေးချင်း မတူတာပဲရှိမယ်၊ အဝေးပြေး လမ်းတွေပါပဲ။ ကိုယ်တွေလည်း လောကကြီးထဲကို မွေးဖွားရောက်ရှိခဲ့ချိန်ကနေ သေဆုံးချိန်အထိ အဝေးပြေးလမ်းများသာဖြစ်ပါတယ်။
တချို့အဝေးပြေးလမ်းများဟာ သာသာယာယာ။ တချို့အဝေးပြေးလမ်းတွေဟာ အနာအဆာ။ တချို့ကျတော့ ကပျာကယာ။
တကယ်တော့ အဝေးပြေးလမ်းများဆိုတာ မာယာသိပ်ကြွယ်ပါတယ်။ ကြည့်လိုက်စမ်းပါ၊
ဖြောင့်တန်းသွားနေလျက်နဲ့အမှတ်တမဲ့ ကွေ့ကောက်သွားတာမျိုး။ မသိမသာ မို့မောက် လာပြီး ရုတ်ချည်းပြေလျှောသွားပြန်ရော။ ဝေါကနည်း ဝေ့ဝိုက်တာလည်းရှိတာပဲ။ တွေ့လိုက်တိုင်းရင်မောစရာတွေ။ အခုထိတော့ အဆင်ချောနေသေးသူတွေလည်းရှိပါရဲ့။ အဝေးပြေးလမ်းများပေါ်မှာလေ။
အဝေးပြေးလမ်းပေါ်မှာခရီးသွားဖူးကြတာပဲ။ အဲသည့်အတိုင်းပဲ ခံစားကြည့်လို့ရပါတယ်။ ဘေးနှစ်ဘက်မှာ မြင်နေရတဲ့ ခပ်ဝေးဝေးစီက ကွင်းပြင် ကျယ်တွေ၊ ရှုခင်းတွေ ဖြည်းဖြည်းငြိမ်ငြိမ် အိနြေလေးနဲ့ကျန်ခဲ့လျက်နဲ့ ရှေ့တည့်တည့်က အနီးကပ်မြင်နေရတဲ့လမ်းမ၊ အငမ်းမရ ဇွတ်ကိုတိုးဝင်လာနေပုံများ ဘာပြောသွားမှန်းကို မသိလိုက်အောင် အနောက်မှာ ကြောင်အမ်းအမ်း ကျန်ခဲ့တာချည်းပဲ။
‘ဤခရီး နီးသလား၊ ၅ နာရီလာရ၏’ ဆိုတဲ့မူလတန်းတုန်းက သင်ခဲ့ရတဲ့ဖတ်စာကို ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းပေါ်မှာ သတိရမိတယ်။ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ လူဦးရေအများဆုံးနေထိုင်ကြတဲ့ မြို့တော်ရန်ကုန်ဟာ နေပြည်တော်ကို ရောက်ဖို့ဆိုတာ ၅ နာရီသာ ပျမ်းမျှကြာပါတယ်။ ရန်ကုန်ကနေ ကရင်ပြည်နယ် နယ်စပ် မြဝတီကို မိုင် ၂၇၀ လောက်ပဲ ဝေးတယ်။ မြဝတီတစ်ဘက်ကမ်း သောင်ရင်းမြစ်ဟိုဘက် ခြမ်းဆိုရင် အိုဗာဆီး(ပြည်ပ) ရောက်တာပဲ။ မဲဆောက်ပေါ့။ ထိုင်းနိုင်ငံပေါ့။ ရွှေမြန်မာတွေ အများကြီးရှိတဲ့မြို့ပါ။
အခုတော့ ရွှေမြန်မာတွေကော လေမြန်မာ၊ တေ မြန်မာ၊ ပေမြန်မာ၊ တေပေလေပြီး ဘဝတွေ သေနေကြတာများလည်းရှိပါရဲ့။ ဂိတ်ဆုံးနေသလို ပိတ်ဖုံးနေ ကြတဲ့ အဝေးပြေးလမ်းများပေါ့။ ရှင်သန်နေသရွေ့တော့ တစ်နည်းတဖုံ ဆက်လက်ပြီး မပျက်မကွက် ရင်ခုန်နေကြရဦးမယ့် အဝေးပြေးလမ်းတွေပါ။ အဆုံးထိရောက်အောင်သွားကြရမယ်ဆိုတဲ့ ခံယူချက် သံဓိဌာန်တွေ မယိုင်လဲဖို့ပဲအရေးကြီးတာ။ ပန်းတိုင်ဆိုတာ ဝေးရင်ဝေးမယ်၊ ဘယ် ပြေးလွတ်မလဲ။
တစ်ခုပဲ၊ အဝေးပြေးလမ်းဆိုတဲ့အလျောက် အကွေ့အကောက်တွေရှိမယ်။ ခြောက်ကမ်းပါးတွေရှိမယ်။ မောက်မှားတာတွေရှိမယ်။ ခြောက်ခြားစရာတွေရှိမယ်။ အဆင်းရှိမယ်။ အတက်ရှိမယ်။ ဖြောင့်တန်းနေတဲ့အချိန်ရှိမယ်။ ကိုယ့်ရဲ့အဝေးပြေးလမ်းများ ပေါ်မှာ မမှိတ်မသုန် ရင်ခုန်နေကြဖို့သာ အဓိကပဲမဟုတ်လား။ ကျန်သွားတာတွေ ချန်ထားခဲ့လိုက်တော့။ ပြန်လှည့်နေရမယ့် အချိန်မဟုတ်တော့ဘူး။ တူရှုကြည့်။ လူထုကိုကြည့်။
ကိုယ်ဟာ အဝေးပြေးလမ်းတစ်ခုဆိုတဲ့ ကိုယ့်ရဲ့ဖြစ်ခြင်းကို ကိုယ်တိုင်သေချာနေရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်ခြင်းကို ချစ်ခြင်းအားနဲ့ မောင်းနှင်သွားနေကြရတာ။ ကိုယ်တို့အားလုံးဟာ အဝေးပြေးလမ်းများဖြစ်နေလို့ပါ။ တစ်ခုနဲ့တစ်ခုတော့ ဘယ်တူနိုင်ပါ့မလဲ။ တစ်နေ ရာထဲကမှမဟုတ်ကြတာလေ။
သို့ပေမဲ့ ဦးတည်ရာကတော့ တူကြတာပါပဲ။ ခရီးအဆုံးထိ တီးလုံးတွေ ညှိကြ၊ ပြင်ကြ၊ ပြောင်းကြ၊ ပေါင်းကြ၊ ခွာကြ ရွေ့လျားနေကြရတယ်။
ကြမ်းတဲ့ လမ်းရှိမယ်။ လမ်းချောလည်းရှိမယ်။ ခေတ်အခြေအနေအရ အရင်တုန်းကနဲ့ မတူတော့တဲ့ လမ်းတွေလည်းရှိတာပဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်က ရန်ကုန်-ထားဝယ် လမ်း ကို ၂၄ နာရီ စွန်းစွန်းအထိ ကြာခဲ့ဖူးတယ်။
ကား သိပ်မကောင်းလို့ လမ်းသိပ်မကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်တော့ရှိတာပေါ့။ ပြီးခဲ့တဲ့ ၇ နှစ်က ရန်ကုန်-ထားဝယ် လမ်းကို နောက်တစ်ခေါက် ထပ်ရောက်တယ်။ ၁၂ နာရီလောက်ပဲ ကြာတယ်။ လမ်းကောင်းတယ်၊ ကားကောင်းတယ်၊ ခရီးတွင်လာတယ်။ အဝေးပြေးလမ်းတွေဆိုတာ အဲသလိုပဲ ပြုပြင် ပြောင်းလဲဖို့လည်းလိုတာကိုး။
ဟော…ကြည့်ပါဦး။ သည်ဘက် ငါးနှစ်ကျော်အတွင်းကျပြန် တော့ အဲသည့် ထားဝယ်ဘက်က အဝေးပြေးလမ်းအချို့နေရာတွေမှာ သွေးကြွေးတွေ လွှမ်းလို့။ ယမ်းငွေ့တွေ ဝေလို့။ အဝေးပြေးလမ်းဟာ အနာတရများစွာနဲ့ချိနည့်နေပြန်ရော။
မြဝတီ-ကော့ကရိတ်-ဘားအံ အဝေးပြေးလမ်းကော ဘာထူးလို့လဲ။ တောင်ပေါ် တောလမ်းတွေဖြစ်တဲ့ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း၊ ထော်ကို့ကိုးလမ်းတို့ကပဲ အဓိက သွားကြရတာ။ တိုက်ပွဲဖြစ်ပြီဆိုရင် တောထဲမှာပဲ စောင့်နေ။ အပစ်အခတ် ခဏငြိမ်သွားချိန် ခရီးပြန်ဆက်ကြ။ ချောမွေ့ပါတယ်ဆိုတဲ့ အာရှလမ်းမကြီး ပြန်ဖွင့်တယ်ဆိုတာ ဘာ ကြာသေးလို့လဲ။ အခု ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်ကမှပြန်ဖွင့်တာ။
အဝေးပြေးလမ်းများဆိုတာ ခင်းကျင်းဖြစ်တည်လာပြီးချိန်မှာ အခါအားလျော်စွာ ပြုပြင်ထိန်းသိမ်းကြဖို့လည်း လိုပါတယ်။ အဝေးပြေးလမ်းတစ်ခု စတင် ဖောက်လုပ်မယ်ဆိုကတည်းက ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ စနစ်တကျ လေ့လာ တွက်ချက်ကြရတယ်။ လမ်း အူကြောင်းရှာတာ မြေတိုင်းထွာတာ စသဖြင့်အရေးကြီး ကြပါတယ်။ အကွေ့ အဝိုက်နေရာတွေမှာ လမ်းသားကို ဘယ်နှဒီဂရီစောင်းထားရမယ် ဆိုတာကအစ အသေးစိပ် ဖောက်လုပ်ကြရတယ်။
အခုနောက်ပိုင်း အဝေးပြေးလမ်းများဟာ အရင်ကထက် ချောမွေ့ကောင်းမွန် လာကြတာများပါတယ်။ တစ်ခုပဲ။ သည်ဘက် ငါးနှစ်ကျော်ကာလအတွင်းအဝေးပြေးလမ်း တွေမှာ အရံအတားတွေ လိုတာထက်ပိုများလာတာပါ။
သံဆူးကြိုးဘယ်ရီယာတွေ၊ ဝါးတန်းတွေ၊ တုံးတွေ။ မြန်မြန်မောင်းလို့ရပါလျက်နဲ့ ခဏခဏ ရပ်နေကြရ။ သေနတ်တပြပြ၊ စစ်မယ်၊ ရစ်မယ်၊ ဖမ်းမယ်ဆိုတာတွေဟာ အဝေးပြေးလမ်းတိုင်းလိုလိုမှာကြုံလာကြရပါ တယ်။ မသထာပေမဲ့ ငနာတွေကို အသပြာစွန့်ကျဲခဲ့ကြရတာပဲ။ ခရီးတွင်ဖို့ပဲမဟုတ်လား။
သည်လိုပဲ အဝေးပြေးလမ်းများဆိုတာ ကြုံလာသမျှရအောင်ရှင်းလင်း ကိုယ့်ဘဝကို ခင်းကျင်းနေကြရတာ။ ရှင်သန်နိုင်ဖို့အရေး ကိုယ်တစ်ကိုယ်စာပဲ တွေးကြသူတွေလည်း ရှိပါ့။ အများနဲ့အတူတူ ရင်ဘတ်ချင်းတူ ရည်ရွယ်ရာတူသူများ အချင်းချင်း အားထည့်ကူမ ဆွဲခေါ် နေကြသူတွေလည်း အများကြီးရှိနေပါသေးတယ်။
အဝေးပြေးလမ်းများပေါ်မှာ။ ကိုယ့်ရာဇဝင် ကိုယ်ထွင်ကြရချိန်မှာ သူ့သမိုင်း သူဒုန်းစိုင်းပြီး မိုက်ရိုင်းနေသူတွေလည်း သူ့ အဝေးပြေးလမ်းနဲ့သူပါ။ အဝေးပြေးလမ်းတို့ထုံးစံအတိုင်း ထိမိ ငြိမိ တိုက်မိ ခိုက်မိ စရိုက်တွေလည်း ရှောင်လွှဲမရပြန်ဘူး။ မှောင်မည်းနေတဲ့နေ့ရက်တွေလည်းတွေ့မယ်။ နှောင်တည်းစေတဲ့အငွေ့အသက်တွေလည်း ကွေ့ပတ်ဖယ်ခွာသွားကြရတဲ့အခါ နာကျင် ကြရတာပါပဲ။ အေးမယ်။ ပူမယ်။ မိုးရွာမယ်။
ဘာကြာသေးလို့လဲ အတာနှစ်ကူးပြီးသွားတာ။ သည် အတာနှစ်ကူးမှာအဖြစ်ထူး သယောင် လမ်းဟောင်း အဝေးပြေးလမ်းမသစ်ကြီး ပေါ်ယောင်ပြလာတယ်။ ပျားရည် နဲ့ဝမ်းချသလိုမျိုး။ သင်္ကြန်မိုးတောင်မရွာရတဲ့အထဲ အကြံဆိုးနဲ့ ကုလားဖန်ထိုးတဲ့အကွက်။
ခေတ်ဆိုးအဆက်ဆက်မှာ တိုင်းပြည်ရဲ့အာဏာကိုလူထုစီက အဓမ္မလုယူကြသူတို့ရဲ့ လုပ်နေကျ ရှေးရိုးအကွက်မှန်း နိုင်ငံတဝန်းလုံးက သိကြပါတယ်။ သူတို့ရဲ့ အဝေးပြေးလမ်းက မန္တလေး- မူဆယ် မကဘူး၊ ရွှေလီ ကြယ်ခေါင် ဟိုမှာဘက်အတွင်းပိုင်းအထိ ခင်းကျင်းထားကြတာ။ သူတို့က သူတို့လမ်းနဲ့ သူတို့စားခန်းကို အမိအရ လှမ်းနေကြတာ မြင်နေ တွေ့နေ သိနေကြပြီပဲ။
ကိုယ်တွေလည်း ကိုယ့်အဝေးပြေးလမ်းများပေါ်မှာ ရည်ရွယ်ရာပန်းတိုင်ကို ဦးလည်မသုန် ဆက်လှမ်းနေကြဖို့ အင်မတန်အရေးကြီးနေပြီ။ ရင်ခုန်နှုန်းတွေ ချုံးချုံးကျသွားလို့ ဘယ်လိုမှမဖြစ်ဘူး။ လမ်းခုလတ်ဆိုတာ ရပ်ပစ်လိုက်ရမယ့် နေရာမဟုတ်ဘူး။
မောသလား။ နားပါ။ ခဏ။ ပြန်ထပြီး ခရီးဆက်ကြရအောင်။ ကိုယ်တို့ အဝေးပြေးလမ်းများဟာ ကိုယ်တို့ကံကြမ္မာဖြစ်တယ်။ သေချာပါတယ်၊ သိပ်မကြာခင်မှာ ကိုညီထွဋ် ဆိုခဲ့တဲ့ တနေ့တော့ပြန်ဆုံမယ် အဝါရောင်လမ်းကလေး ကိုယ်ပြန်ခဲ့မှာ ဆိုတဲ့သီချင်းလေးကို အတူတူဆိုကြရမှာပါ။ အဝေးပြေးလမ်းများ ပေါ်မှာလေ။ ။
ကိုအားပို







