မြိတ်မြို့ ကဘင်းကျေးရွာ၊ ဗျောတောငယ်ရပ်ကွက်တွင် မေလ ၁ ရက်နံနက် ၆နာရီခွဲခန့်တွင် ရေခဲပို့သည့် ကားပေါ်က အလုပ်သမားအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးကြောင်း ကူညီဆောင်ရွက်ပေးသည့် ဖြူစင်မေတ္တာပရဟိ တလူငယ်အသင်း(မြိတ်)ထံမှ သိရသည်။
ကဘင်းကျေးရွာ ကားလမ်းမပေါ်တွင် ကားပေါ်က ပြုတ်ကျခြင်းဖြစ်ကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။
သေဆုံးသူသည် ရေခဲပို့ကားတွင် အကူအလုပ်သမားဖြစ်သူ အသက် ၅၆ နှစ်အရွယ်ရှိ ဦးမျိုးတင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူပြုတ်ကျတဲ့နေရာမှာ လမ်းအကွေ့ရှိတယ်။ လူနာကတော့ ဆီးအိမ်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။
ရုပ်အလောင်းကို ဖြူစင်မေတ္တာပရဟိတလူငယ်များအသင်းက မြိတ်မြို့ရှိ အမှတ် (၅) ကုတင် ၁၀၀ စစ်ဆေးရုံ၏ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
ယင်းနောက် နံနက် ၁၀ နာရီ ခန့်တွင် သမုတ်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ကူညီပို့ဆောင်ပေးလိုက်ကြောင်း အသင်းထံမှ သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့သည့် ၂၀၂၅ ခု နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၃၃၄၈မှုတွင် လူ ၁၇၃၅ ဦး သေဆုံးခဲ့ပြီး ၄၆၇၆ဦး ဒဏ်ရာရကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ယခု နှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရသိရသည်။







