ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများလာ၍ အထည်ချုပ်အပ်သူ ပြန်များလာဟုဆို

May 2, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်ခရိုင်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် အထည်ချုပ်ရန်အပ်သူ ပြန်လည်များပြားလာကြောင်း စက်ချုပ်သမားအချို့က ပြောသည်။

“သူ့ဖောက်သည်နဲ့သူပေါ့နော်၊ စက်ချုပ်သမားတွေလည်း အရင်ကထက် ပိုများလာတယ်။ ချုပ်ခဈေးတွေလည်း အရင်ထက် ၃ ဆ ၄ ဆလောက် တက်လာတယ်၊ ဒါပေမဲ့ ထားဝယ်မြို့ပေါ်မှာတော့ အထည်လာအပ်တဲ့ အရေအတွက် လျော့မသွားဘူး” ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်မှ စက်ချုပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ကိုဗစ်မတိုင်ခင်ကာလက ထားဝယ်ခရိုင်တွင် အလှူအတန်း၊ မင်္ဂလာပွဲများ၊ ဧည့်ခံပွဲများနှင့် ရိုးရာယဉ်ကျေးမှု ပွဲတော်များ မပြတ်စည်ကားခဲ့သဖြင့် အပ်ထည်များကြောင်း၊ အထည်အပ်လိုသူများမှာ ၁၅ ရက်၊ တစ်လ သို့မဟုတ် နှစ်လခန့် ကြိုတင်ရက်ချိန်းယူကာ အပ်ရကြောင်း စက်ချုပ်သူများကဆိုသည်။

ကိုဗစ်-၁၉ အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ ခန့်မှစကာ အလှူအတန်းနှင့် ပွဲလမ်းသဘင်များ မရှိသလောက် နည်းပါးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အထိ အပ်ထည်ချုပ်ရသည့် အရေအတွက်မှာ ကိုဗစ်မတိုင်ခင်ကထက် ထက်ဝက်ခန့်သာ ရှိသော်လည်း ၂၀၂၅ ခုနှစ်မှစတင်ကာ အပ်ထည်အရေအတွက် ပြန်လည်မြင့်တက်လာသည်ဟု စက်ချုပ်သမားအချို့က ပြောသည်။

“အေး… အခုက စစ်ပွဲဖြစ်လည်း သွားတဲ့လူ သွားလာနေကြတာပဲ။ နယ်တွေဘက်မှာတော့ တစ်ရွာနဲ့တစ်ရွာ သွားနေလာနေကြတာပဲ၊ မနှစ်ကစပြီး စည်လာတာ၊ ဒီနှစ် ဝက်ဝက်ကွဲပဲ။ သင်္ကြန်တုန်းကဆိုရင်လည်း စည်လိုက်တာ မပြောနဲ့တော့၊ အခု ညောင်ရေသွန်းပွဲလည်း သွားနေလာနေကြတာ အများကြီးပဲ” ဟု သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာမှ စက်ချုပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝမ်းဆက်ချုပ်သူနှင့် အထည်အပ်သူများဖြင့် ပြည့်နှက်နေသဖြင့် တစ်ပတ်အတွင်း အမြန်လိုချင်သူများကို ငြင်းလွှတ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ထားဝယ်မြို့ပေါ်တွင်မူ ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းကာလများ၌ အထည်အပ်သူ အထိုက်အလျောက်ရှိသော်လည်း ယခုနှစ်တွင်မူ ကိုဗစ်မတိုင်ခင်က ချုပ်ရသကဲ့သို့ အပ်ထည်များ ပြန်လည်လက်ခံရရှိနေသည်ဟု စက်ချုပ်သူ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာက နယ်တွေမှာလို သိသိသာသာ လျော့ကျသွားတာမျိုး မရှိဘူး။ အခုဆို အရင်တုန်းကအတိုင်းပဲ အပ်ထည်တွေ ချုပ်နေရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ရိုးရိုးဝမ်းဆက်တစ်စုံအတွက် ချုပ်ခမှာ ကျပ် ငါးသောင်းခန့်ရှိပြီး ပွဲထိုင်ဝမ်းဆက်တစ်စုံလျှင် ကျပ် ရှစ်သောင်းခန့် ယူကြောင်း ၎င်းက ပြောသည်။

နယ်ဒေသတွင် ရိုးရိုးဝမ်းဆက်တစ်စုံလျှင် ကျပ် လေးသောင်းခန့် ကုန်ကျပြီး ပွဲထိုင်ဝမ်းဆက်တစ်စုံလျှင် ဒီဇိုင်းအပေါ်မူတည်၍ ကျပ် ခြောက်သောင်းခွဲမှ ရှစ်သောင်းအထိ ပေးရကြောင်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာမှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

အထည်ချုပ်ခမှာ ကိုဗစ်မတိုင်ခင်က ရိုးရိုးဝမ်းဆက်တစ်စုံလျှင် ငကျပ် ရှစ်ထောင်မှ တစ်သောင်းခန့်သာရှိပြီး ပွဲထိုင်ဝမ်းဆက်တစ်စုံလျှင် ကျပ် နှစ်သောင်း ဝန်းကျင်သာ ရှိခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၆ ခုနှစ်တွင် အထည်ချုပ်ခဈေးမှာ ၄ ဆနီးပါးအထိ တက်လာသော်လည်း အထည်ချုပ်သူအရေအတွက် လျော့ကျသွားခြင်းမျိုး မရှိကြောင်း စက်ချုပ်သမားအချို့က ပြောဆိုကြသည်။