ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ဗုံးကြဲ၊ အရပ်သားများ ထိခိုက်ဒဏ်ရာရ

May 2, 2026

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့ (မတ် ၂) မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားများနှင့် လူနေအိမ်များ ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မောတောင်မြို့ သုဿာန်နှင့် ကာစီနိုရုံအနီးရှိ နေအိမ်များ ထိခိုက်ပျက်စီးသွားကာ လသားကလေးငယ်တစ်ဦး အပါအဝင် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ၎င်းကပြောသည်။

“လေယာဉ်နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် လာကြဲသွားတာ။ အခုလက်ရှိ (မွန်းလွဲ ၃ နာရီခွဲ့ခန့်အထိ) သိထားရတာက (ထိခိုက်သူ) လေးဦးရှိပြီ။ အိမ်တွေလည်း မီးလောင်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်က မြို့ပေါ်ကို ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လေကြောင်းကြောင့် ထိခိုက်မှုတွေ ရှိနေတယ်။ ရွာသားတွေအနေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိရှိဖို့ မှာချင်ပါတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အာဏာရှင်တပ်က ဧပြီလ ၂၇ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင်လည်း မောတောင်မြို့အနီးမှ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ‌အမှတ် ၆ ရွာသားနှစ်ဦး သေဆုံးသွားသလို နေအိမ်များလည်း ပျက်စီးသွားသည်။

ယခုရက်ပိုင်းတွင် စစ်အာဏာရှင်တပ်က မောတောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်သားများက လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။