ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မေ့မရလေသော နိုဝင်ဘာ

May 16, 2026

၂၀၂၁ နွေဦးအစ စစ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာသော မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို ပြည်သူများ ကြုံတွေ့နေကြရသည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော်ဖြတ်၍ ခြောက်နှစ်ထဲသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ လူငယ်တို့၏ အနာဂတ်လမ်းစများလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်ခဲ့ရလေပြီ။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ၏ အမှတ်တရအဖြစ် ဘဝမှာပြောင်းလဲခြင်းတွေ ကြုံတွေ့ခဲ့ရသည်။ မြေလတ်ဒေသတွင် ကြီးပြင်းလာသော ကျွန်မနှင့် တောင်ပိုင်းသားတို့ အကြောင်းပါခဲ့ကြပြီးနောက် မြန်မာပြည်တောင်ပိုင်းဒေသတွင် အခြေချနေထိုင်ရန် ဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၆ ရက်၊ မိုးတစ်လှည့် ဆောင်းတစ်ဝက်ရှိသော နေ့တစ်နေ့။ ထားဝယ် အရှေ့တောနယ်ဘက်သို့ တစ်နေ့မှ တစ်စီးသာထွက်သည့် ကားလေးပေါ်တွင် ခရီးသည်ငါးဦးနှင့်အတူ ကုန်ပစ္စည်းများအပြည့်။ ထားဝယ်-ထီးခီးလမ်းကြောင်းအတိုင်း တရွေ့ရွေ့။

ညနေ ၃ နာရီ နေညိုချိန်၊ ဆည်းဆာရောင်အောက်တွင် ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ ကွမ်းပင်၊ ရာဘာပင်နှင့် တောရိုင်းပင်များက လေယူရာတိမ်း ယိမ်းနွဲ့နေကြသည်။ သို့သော် စိမ်းစိုအုံ့မှိုင်း ညို့ဆိုင်းနေသာ တောတောင်ရေမြေသဘာဝအလှတရားများကို ကျွန်မ သတိမထားနိုင်တော့ပေ။

ယခင်က သည်ခရီးကို နှစ်ကြိမ်သွားဖူးသည်။ ယခုတတိယအကြိမ်တွင်မူ သည်းထိတ်ရင်ဖိုစရာများဖြင့်။ ၂၀၁၆-၂၀၁၈ လောက်က ရောက်ခဲ့စဉ်က သဘာဝအလှတရားတွေကို ရှုမြင်ခံစားကာ အမှတ်တရအဖြစ် Facebook ပေါ် ဓာတ်ပုံတွေ မျှဝေခဲ့သေး၏။ တောင်တန်းများပတ်လည်ဝိုင်းလို့ သာယာလှပနေသော မြန်မာပြည်တောင်ပိုင်း တနင်္သာရီဟု ဆိုရပေမည်။

ယခု ကျွန်မတို့ ထွက်လာသည့်နေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် တိုင်းဝန်ကြီးချုပ်လမ်းကြောင်းနှင့်ဆုံခဲ့ရ၏။ စကစ ယာဉ်တန်းရှည်ကို ကားဆရာက သတိချပ်ကာ မောင်းနှင်နေရသည်။ ယင်းကပင် လိုက်ပါလာသော ခရီးသည်တို့အဖို့ သည်းတထိတ်ထိတ်ဖြစ်စေရသည်။

ညနေ ၅ နာရီခန့်တွင် ခဏတာတည်းခိုမည့် ကျေးရွာလေးသို့ ရောက်ရှိခဲ့သည်။ ရွာအဝင်လမ်းတစ်လျှောက်တွင် NLD အစိုးရလက်ထက်က တိုးတက်ပြောင်းလဲခဲ့သည်တို့ကို သတိပြုမိသည်။

တည်းခိုမယ့်အိမ်ရောက်သည်နှင့် အနားယူ၊ ရေမိုးချိုး၊ ညစာစားပြီး အိပ်ရာဝင်ခဲ့သည်။ နိုးတစ်ဝက် အိပ်မက်တွေနှင့် အိပ်မပျော်။

မိုးလင်းသော် ဒီဇင်ဘာ၏ မနက်ခင်းတွင် နှင်းမှုန်လေးများက တဖွားဖွာ။ တောရွာ၏ ဓလေ့အငွေ့အသက်များကြား ဆောင်းနှင်းပွင့်တို့၏ အတောင်ခတ်သံက သဲကွဲလာသည်။ အသွေးထဲအသားထဲအထိ အအေးဓာတ်က စိမ့်ဝင်နေသည်။ သို့သော် ရင်ကိုမအေးမြစေနိုင်ပါ။ မိသားစုဘဝရှေ့ရေး မည်သို့မည်ပုံ ရှေ့ဆက်ရမည်ကို စဉ်းစားရဦးမည်ဖြစ်၏။

ဒီဇင်ဘာ ၉ ရက်၊ ညနေခင်း။ မိုးက အုံ့မှိုင်းနေသည်။ အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် အိမ်ထောင်ပရိဘောဂ၊ မီးသွေးဖိုမှအစ လိုအပ်သည်များ အားလုံးပြင်ဆင်ပြီးသောအခါ၊ မိတ်ဆွေဇနီးမောင်နှံက သူတို့၏ကားလေးဖြင့် ကျွန်မတို့သားအမိကို အိမ်ကြီးဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ကားပေါ်မှာ လိုက်ပါလာရင်း တစ်ရွာဝင်၊ တစ်ရွာထွက်။ ရွာနာမည်လေးများကို တစ်ခုချင်း ကျော်ဖြတ်လာသည်။ ဘုရားကျောင်းလမ်းထိပ်က အိမ်လေးကို မြင်လိုက်ရသည့်အခါ ၂၀၁၆ ခုနှစ် ပွဲတော်လာစဉ်က တစ်ညတာ မှေးစက်ခဲ့ဖူးသည်ကို သတိရမိသွားသည်။ ညာဘက်လမ်းသွယ်ထဲ ကွေ့အဝင် လမ်းထိပ်၌ “စားစေချင်လွန်းလို့” ဆိုင်းဘုတ်ကလေးတစ်ခုကို တွေ့ရသည်။ နာမည်လေးက စိတ်ဝင်စားစရာ။ ဘာတွေရနိုင်ပါလိမ့်လို့ တွေးနေမိသည်။ ရွာထိပ် အစွန်ဆုံးအိမ်သို့ ရောက်လာလေပြီ။ အိမ်ကြီးက ရှေးအိမ်ကြီး။ ရောက်ပြီ။ မိတ်ဆွေ ဇနီးမောင်နှံတို့၏ ဘိုးဘွားပိုင်အိမ်။ လက်ရှိမှာ ဘယ်သူမှ မနေ။ ကျွန်မတို့ သားအမိနေဖို့ စီစဉ်ထားသည်ဟု ဆိုသည်။

မည်သို့ပင် ဖြစ်လင့်ကစား အိမ်ကြီးက တစ်ထီးတည်း။ ပြီးတော့ အစွန်အဖျား။ ကျွန်မတို့သားအမိ မည့်သို့နေရမည်နည်း။ သားအမိနှစ်ယောက် အတွေးကိုယ်စီနှင့်။ မိတ်ဆွေဇနီးမောင်နှံက ကျွန်မတို့ကို အိမ်ပေါ်အရောက်နေရာချပေးအပြီး အိမ်ကိုခဏပြန်သွားကြသည်။

ကျွန်မတို့လည်း ည‌နေစာမစားရသေး၍ လမ်းထိပ်မှာ စောစောတွေ့ခဲ့ရသောဆိုင်ကို ချီတက်ခဲ့ကြသည်။ ဆိုင်ရောက်တော့ ‘မီနူး’တောင်းကြည့်သည်။ ရေးထားသည်က အစုံအလင်။ မေးလိုက်တော့ ‘ကွေ့တီယို’တစ်ခုတည်းသာ ရသည်ဆို၏။ ကျွန်မက တစ်ပွဲဘယ်လောက်လဲဟု မေးလိုက်သည်။ ဆိုင်ရှင်က ‘၁၀၀၀’ ဆို၍ သုံးပွဲ ပါဆယ်မှာလိုက်သည်။ စောင့်နေရင်း ကျွန်မတို့ သားအမိချင်း ပြောဖြစ်ကြသေးသည်။ မြို့မှာ ၁၂၀၀၊ ဒါဆိုတန်သားပဲနော်လို့…။ ဆိုင်ရှင်က ပြုံးစိစိနှင့်ထည့်ပေးနေ၏။

ကျွန်မလည်း တစ်သောင်းတန်ပေးလိုက်တော့ ၄၀၀၀ သာ ပြန်အမ်းသည်။ တစ်ပွဲဘယ်လောက်လဲ မေးရပြန်သည်။ ဆိုင်ရှင်က ၂၀၀၀ တဲ့။ ဪ ဒါကြောင့် အခုနက ပြုံးစိစိဖြစ်သွားတာကိုး…ဆိုပြီး ကျွန်မတို့ သားအမိ ရယ်ရယ်မောမောဖြင့် ဆိုင်ထဲက ထွက်လာခဲ့ကြကာ ဟာသနှောခဲ့ကြရသည့်အဖြစ်ကလည်း အမှတ်ရစရာပါပင်။

ကွေ့တီယိုစားအပြီး ညလည်း မိုးချုပ်လုပြီ။ မိတ်ဆွေ ဇနီးမောင်နှံပြန်ရောက်လာကြသည်။ ကြောင်စာအတွက် ထမင်းပြန်ယူသည်ဟုဆိုသည်။ ထိုတော့မှ အိမ်တွင် ကြောင်မကြီးတစ်ကောင် ရှိနေသည်ကို သိလိုက်ရသည်။ တဖြည်းဖြည်းနှင့် ညဉ့်လည်းနက်ပြီ။ ကျွန်မတို့ သားအမိနှင့် မိတ်ဆွေတို့ စကားစမြည် ပြောနေရင်းပင် ကျွန်မတို့ကို ထားခဲ့ရမည်ကို သူတို့ အားနာနေမလားဟု အတွေးရကာ ကျွန်မကပင် စတင်၍ မေးလိုက်၏။ ကျွန်မတို့ သားအမိတွေချည်း အိပ်ရမှာလားဟု မေးလိုက်တော့ ဟုတ်တယ်တဲ့။

ကျွန်မတို့သားအမိချည်း မအိပ်ရဲပါ။ တစ်ယောက်ယောက် လာအိပ်ပေးဖို့ အကူအညီတောင်းရပြန်၏။ မိတ်ဆွေတို့ကလည်း သူတို့သားအငယ်ကို ဖုန်းဆက်ခေါ်ပေး၏။ ဆယ်နာရီလောက် ရောက်လာသည်။ ထိုညမှ စတင်၍ ဆောင်းရာသီ၏ အေးချမ်းမှုနှင့်အတူ ဆောင်းအိပ်မက်တို့လည်း တစီတတန်းဖြင့် မမောနိုင်မပန်းနိုင် လိုက်ပါလာတော့သည်။

မနက်ခင်းမိုးလင်းတော့ ဆောင်းရနံ့နှင့်အတူ မိုးနံ့မကုန်သေးသော လေပြေလေညှင်းလေးတွေက တောတောင်ရေမြေကို ချစ်ခြင်းပြည့်စွာ နိုးထနေပါပြီ။ မျက်နှာသစ်အပြီး ဟိုဟိုသည်သည်ကြည့်မိတော့ ပြတင်းတံခါးနားမှာ မိုးစက်လား၊ နှင်းစက်လား ခွဲခြားမရနိုင်သည့် ငွေရည်လေးများ ဆော့ကစားနေကြသည်ကို တွေ့ရသည်။

ကျွန်မတို့မှာပါလာသည့် စားစရာတချို့ကို မနက်စာအဖြစ် ပြင်ဆင်ချက်ပြုတ် စားသောက်ကြသည်။ ကျွန်မတို့မိသားစုလေး ဘဝတစ်ခုရပ်တည်ဖို့ ကာလဒေသနှင့်အညီ အဓိပ္ပာယ်ဖွင့်ရပါတော့မည်။

နိုဝင်ဘာက စခဲ့သည့် ကျွန်မတို့ဘဝကလေး။

ကောင်းကင်ကြီးကို ကြည့်လိုက်တော့ နေရောင်မတွေ့ရသေး။ သစ်ပင်သစ်ရိပ်တို့က ညို့ညို့မှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်း။

နန်းနွေဦး (ITC)