ချင်းမိုင်ခရိုင်ရှိ မြို့နယ်အားလုံးတွင် တောင်ပေါ်သားကတ် သို့မဟုတ် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ၏ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များကို ဆယ်နှစ်စာအထိ ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Mr. Rattapol Naradisorn က မေလ ၁၄ ရက်နေ့ အစည်းအဝေးတွင် ပြောသည်။
တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင်မရှိသေးသော တိုင်းရင်းသားများကို ထုတ်ပေးသည့် သက်သေခံကတ်ဖြစ်ပြီး ပန်းရောင်ကတ်ဆိုသည်မှာ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင် မွေးဖွားသော ကလေးငယ်များအတွက် ထုတ်ပေးသည့် ကတ်ဖြစ်သည်။
ပြီးခဲ့သော မေလ ၈ ရက်နေ့က ချွန်ဘူရီတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားထံ၌ ပန်းရောင်ကတ်ကို သိမ်းဆည်းရမိရာမှ ချင်းမိုင်ခရိုင်ရှိ မြို့နယ်အားလုံးတွင် အိမ်ထောင်စုအဝင် အထွက်မှတ်တမ်းများ၊ အိမ်ထောင်စုထဲ လူဦးရေကို ပြန်စိစစ်ရန် ခရိုင်အုပ်ချုပ်ရေးမှူက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် နေထိုင်သူ အဝင်အထွက် အမြဲပြောင်းလဲနေသော အိမ်ထောင်စုများ၊ လူဦးရေ ၁၀ ကျော်ရှိနေသော အိမ်ထောင်စုများကို လွန်ခဲ့သော ဆယ်နှစ်စာအထိ ပြန်လည် စိစစ်မည်ဟု ဆိုသည်။
ထို့အပြင် တောင်ပေါ်သားကတ် သို့မဟုတ် ပန်းရောင်ကတ် ကိုင်ဆောင်သူများ၏ အချက်အလက်များကို ကွင်းဆင်းလေ့လာသွားမည်ဖြစ်သလို နိုင်ငံခြားသားနှင့် လက်ထပ်ထားသူများ၏ အချက်အလက်များကိုလည်း ပြန်လည်စိစစ်၍ အချက်အလက်စုဆောင်းသွားမည်ဖြစ်ကြောင်း ပြောသည်။
ယင်းအချက်အလက်များမှတစ်ဆင့် မြေယာနှင့် ငွေပိုင်ဆိုင်မှု၊ ဝင်ငွေလည်ပတ်စီးဆင်းမှု၊ စီးပွားရေးလုပ်ကိုင်မှု၊ အခွန်ဆောင်မှုများတွင် မသမာမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေး၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: Matichon Online, PPTV HD, MGR Online







