ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲ

May 15, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့၊ အမှတ် (၃) ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်တစ်ဆောင် ပျက်စီးပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။

မေလ ၁၄ ရက် ညနေ ၄ နာရီ ၃၆ မိနစ်နှင့် ၄ နာရီ ၄၂ မိနစ်တို့တွင် မောတောင်မြို့၊ အမှတ် (၃) ရွာကို ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်တပ်က အမှတ် (၃) ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းရှေ့ရှိ နေအိမ်တစ်ဆောင် ပျက်စီးသွားပြီး ဒေသခံတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လူက လက်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရသွားတယ်။ နေအိမ်ကတော့ အမိုးတွေရော၊ အနီးနားက သစ်ပင်တွေရော လဲသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် အမှတ် (၉) ရွာဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် မောတောင်မြို့ကို ပြန်သိမ်းရန် ဧပြီလမှစကာ စစ်အာဏာရှင်တပ်က စစ်ကူအများအပြားဖြည့်တင်းပြီး မြေပြင်စစ်ကြောင်းထိုးနေသလိုလေကြောင်းမှလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – KNU-MTD