ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြို့မှ ခမရ ၅၆၁ သို့ စစ်အင်အားပို့သည့်ကားကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

May 15, 2026

ပုံစာ - ညောင်ပင်ကွင်းရွာ တစ်နေရာ(ပုံဟောင်း)

တနင်္သာရီမြို့မှ ‌ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းသို့ စစ်အင်အားဖြည့်တင်းရန် ကားများဖြင့်လာစဉ် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်‌‌‌ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများက ပြောသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ကား သုံးစီးထက်မနည်းဖြင့် မေလ ၁၄ ရက်က လာရောက်စဉ် ၅ မိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ကားနှစ်စီးပျက်စီးကြောင်း ‌တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“(ထိခိုက်တဲ့ နှစ်စီးထဲက) ကျောက်တင်ကားက ခေါင်းပွင့်ပြီး သုံးမရဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့မှ ခမရ ၅၆၁ သို့သွားလျှင် ဘန်လောရွာ၊ ခြောက်မိုင်ရွာနှင့် ငါးမိုင်ရွာတို့ကို ဖြတ်သန်းသွားရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်များဘက်က ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“မိုင်းလည်းဆွဲတယ်။ သေနတ်လည်း ပစ်တယ်။ သူတို့ဘက်က သေတာတွေလည်း ရှိတယ်။ နာတာတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း-ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားနေရာ အဆိုပါလမ်းပိုင်းရှိ ဘန်လော၊ ၅မိုင်၊ ၆မိုင်၊ ထုံတော်ကျေးရွာတို့က ဒေသခံများ ဘေးကင်းရွာသို့ ရွှေ့ပြောင်းကြရန် ပြည်ည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၂) တပ်ရင်းက ပြီးခဲ့သည့် ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဧပြီလ တတိယပတ်မှ ယခုမေလလယ်အထိ အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ တိုက်ပွဲကာလအတွင်း ၆မိုင်ရွာတွင် ဒေသခံ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးပြီး အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။