၂၀၂၇ ခုနှစ်တွင် ပျံသန်းနိုင်သည့် ကားများကို ပမာဏအမြောက်အမြားထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Xpeng က ရိုက်တာသတင်းဌာနကို ဧပြီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း လူသားပုံစံတူစက်ရုပ်များကို အမြောက်အမြားထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်းလည်း ယင်းကုမ္ပဏီဥက္ကဋ္ဌဘရိုင်ယန်ဂူးက ဆိုသည်။
ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Volkswagen နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် အလားအလာကောင်းများစွာ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Volkswagen သည် ပြီးခဲ့သည့်လတွင် Xpeng နှင့် ပူးပေါင်းကာ လျှပ်စစ်ကားများကို အမြောက်အမြား စတင်ထုတ်လုပ်ခဲ့သည်။
“ကျွန်တော်တို့ အတူတူလက်တွဲပြီး တစ်ဖက်နဲ့တစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် နယ်ပယ်တွေအများကြီး ရှိနေပါတယ်” ဟု ဘရိုင်ယန်ဂူးက ပြောသည်။
အခြားသော မော်တော်ယာဉ်ထုတ်လုပ်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
“ကျွန်တော်တို့အနေနဲ့ လျင်မြန်ဖြတ်လတ်မှုရှိဖို့ လိုသလို ဒေသအသီးသီးက လုပ်ငန်းရှင်အမျိုးမျိုးနဲ့လည်း ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိရပါမယ်” ဟု ဘရိုင်ယန်ဂူးက ပြောဆိုသည်။
Xpeng ကုမ္ပဏီက ထုတ်လုပ်မည့် ကားပျံများအတွက် မှာယူမှုပေါင်း ၇,၀၀၀ ကျော် ရရှိထားပြီး အများစုမှာ တရုတ်နိုင်ငံက ဖြစ်သည်။
လက်ရှိတွင် Xpeng ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။
Source: Reuters







