ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်အပါအဝင် အရှေ့ပိုင်းခရိုင်များတွင် အသည်းရောင်အသားဝါ အေပိုး (hepatitis A) ကူးစက်ပြန့်နှံ့နေသဖြင့် ပြည်သူများ ကျန်းမာရေးသတိရှိကြရန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသိပေးထားသည်။
ပြီးခဲ့သောရက်က ချွန်ဘူရီခရိုင် စက်ရုံထဲတွင် အလုပ်သမား ၅၅ ဦး အသည်းအရောင်အသားဝါ အေပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိပြီးနောက် ပြည်သူများ ကျန်းမာရေးအသိရှိကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
အလုပ်သမားများသည် စက်ရုံ စားသောက်ခန်းထဲရှိ ရေသန့်စက်တွင် ရေအတူသောက်ကြရာမှ ရောဂါကူးစက်သည်ဟု အာဏာပိုင်များက ယူဆထားကြကြောင်း ဖော်ပြသည်။
သို့သော်လည်း ရေသန့်စက်ထဲရှိ ရေထဲတွင် ရောဂါပိုးကို မတွေ့ရကြောင်း ဆိုသည်။
ယခုနှစ်အတွင်း အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံထားရသူ ၆၇၂ ဦးအထိ ရှိလာပြီး ပြီးခဲ့သောနှစ်ထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကာ ပြီးခဲ့သော ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာသည်။
ကူးစက်ခံရသူများမှာ အသက် ၅ နှစ်မှ ၆၇ နှစ်ကြား ဖြစ်ပြီး အများစုမှာ စက်ရုံအလုပ်သမားများဖြစ်ကာ ဘန်ကောက်၊ ချွန်ဘူရီ၊ ရယောင်၊ ပထုံဌာနီနှင့် ချန်ထဘူရီခရိုင်များတွင် ပိုမိုအဖြစ်များနေကြောင်း ဖော်ပြသည်။
လက်ရှိအချိန်အထိ ရောဂါပိုး စတင်ကူးစက်ပြန့်နှံ့ခဲ့သော အကြောင်းအရင်းကိုမူ မသိရသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသိပေးထားသည်။
လက်ရှိ ရောဂါကူးစက်ပြန့်ပွားနေမှုက ပူပြင်းသောရာသီကြောင့် မဟုတ်ဘဲ သောက်ရေအတူတူ သောက်သုံးခြင်းနှင့် လက်သန့်ရှင်းရေး အားနည်းခြင်းများကြောင့် ဖြစ်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ကို စနစ်တကျ ပုံမှန်ဆေးကြောရန်၊ ချက်ပြုတ်ပြီး အစားအသောက်များကို သန့်သန့်ရှင်းရှင်း စားသုံးကြရန်၊ သောက်သုံးရေ အတူမသောက်ကြရန်၊ ဇွန်းနှင့် ပန်းကန်များကို မျှဝေ မသုံးစွဲကြရန်၊ လူစုလူဝေးကို ရှောင်ရှားရန် သတိပေးထားသည်။
အကယ်၍ ပြည်သူများသည် အသည်းရောင်အသားဝါရောဂါ လက္ခဏာများဖြစ်သော ဖျားခြင်း၊ နှုံးချိခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ညာဘက်နံရိုးအောက် အောက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းတို့ ကြုံတွေ့ရပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင်ဖြစ်စေ အရေးပေါ်ဖုန်းနံပါတ် 1422 သို့ဖြစ်စေ ဆက်သွယ်ကြရန် သတိပေးထားသည်။
အသည်းရောင်အသားဝါ အေပိုးသည် ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်ပြီး မသန့်ရှင်းသောရေ၊ အစားအစာများအပြင် လူနာ၏ မစင်၊ အန်ဖတ်များမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။
အသည်းရောင်အသားဝါ အေပိုးသည် ရောဂါပြင်းထန်ခြင်းမရှိဘဲ စနစ်တကျအနားယူခြင်း၊ အရည်များများ သောက်ခြင်းနှင့် အသည်း၏ လုပ်ဆောင်ချက်များကို ထိန်းသိမ်းပါက ပြန်လည်ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။
Ref: Thai PBS, Khaosod, Matichon Online







