တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးများကို ပြေးဆွဲမည့် ကျွန်းပတ်လေယာဉ်ခရီးစဉ်ကို ဧပြီလ ၂၄ ရက်တွင် စတင်ပြေးဆွဲရန် အသွင်ပြောင်းစစ်အစိုးရက စီစဉ်နေသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းနှင့် ထားဝယ်မြို့ကို တစ်ပတ်လျှင် ၆ ရက်နှုန်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း စစ်အစိုးရလက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အပတ်စဉ် တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ (စနေနေ့မပါ) ပြေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လေယာဉ်လက်မှတ်အရောင်းဌာနများနှင့် နီးစပ်သူတစ်ဦးကမူ ဧပြီလ ၂၆ ရက်တွင် အခမ်းအနားလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်း ပြောဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ လာရောက်ချိန်က တနင်္သာရီတိုင်းအတွင်း ကျွန်းပတ်ခရီးစဉ်များကို လေယာဉ်ပြေးဆွဲပေးရန် ပြောဆိုခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် အသွင်ပြောင်းစစ်အစိုးရတက်လာချိန်တွင် ပြည်သူများသွားလာရေး အဆင်ပြေစေရေး လုပ်ဆောင်ပေးသည့်ပုံစံဖြင့် ပြေးဆွဲခြင်းဖြစ်နိုင်ကြောင်း အထက်ပါနီးစပ်သူက ပြောသည်။
“ရက်တစ်ရာမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာမျိုး လုပ်ပြတာလို့ထင်တယ်”ဟု ၎င်းက ဆိုသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ဝဘ်ဆိုဘ်တွင် ဖော်ပြချက်အရ မြိတ်-ဘုတ်ပြင်းခရီးစဉ်အတွက် ခရီးသည်တစ်ဦးကို ၂၄၀၀၀၀ ကျပ်၊ ဘုတ်ပြင်း-ကော့သောင်းခရီးစဉ်အတွက် ၂၂၃၀၀၀ ကျပ် သတ်မှတ်ထားသည်။
ယင်းကဲ့သို့ ကျွန်းပတ်လေကြောင်းခရီးစဉ်ကို ၁၉၇၀ ခုနှစ်ဝန်းကျင်က ၁၂ ယောက်စီးလေယာဉ်ဖြင့် ပြေးဆွဲခဲ့ဖူးကြောင်း သိရသည်။
လတ်တလော ပြေးဆွဲမည့် ခရိုင်မြို့ကြီးများကို သွားလာရာတွင် တိုက်ပွဲနှင့် စစ်ရေးအခြေအနေများကြောင့် ကားလမ်းများ မကြာခဏပိတ်ဆို့လျက်ရှိသည်။
ကျွန်းပတ်ခရီးစဉ်များအပြင် ရန်ကုန်-မြိတ်၊ ရန်ကုန်-ကော့သောင်း၊ ရန်ကုန်-ထားဝယ် ခရီးစဉ်များလည်း ပြေးဆွဲနေသည်။







