ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခဲ့သည့် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာက ဇနီးမောင်နှံကို ပြန်လွှတ်ပေးမည်ဟုဆိုကာ အမျိုးသားတစ်ဦးက မိသားစုထံ ဆက်သွယ်ပြီး ကျပ်သိန်းနှစ်ရာ ငွေညှစ်ကြောင်း မိသားစုနှင့်နီးစပ်သူအချို့က ပြောသည်။
အသက် ၄၀ ကျော်အရွယ် ဦးပိုက်ပိုက်နှင့် ဒေါ်မိချိုထိုက်တို့ ဇနီးမောင်နှံကို KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၂ ၏ ရေကြောင်းတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် ငါးလနီးပါးကြာပြီဖြစ်သော်လည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
အဆိုပါသတင်းကို Dawei Watch တွင် ဧပြီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
https://web.facebook.com/share/p/1CdPadC3pK
ဧပြီလ ၁၄ ရက်တွင်မူ အမျိုးသားတစ်ဦးသည် မိသားစုဝင်တစ်ဦးထံ ဖုန်းဆက်လာပြီး အထက်ပါဇနီးမောင်နှံကို ပြန်လွှတ်ပေးမည်ဟုဆိုကာ ကျပ်သိန်းနှစ်ရာ တောင်းကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။
၀၉၆၉၄၀၉၅၇၄၅ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်လာပြီး ငွေတောင်းခံခြင်းဖြစ်သည်။
“အလှူငွေထည့်ပါ။ အလှူငွေထည့်နိုင်လား မေးတာ။ အဲဒါဆိုရင် တစ်ယောက်ကို (သိန်း) တစ်ရာ ထည့်ပေးရမယ်” ဟု ပြောဆိုခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။
ယင်းကဲ့သို့ ဖုန်းဆက်ငွေတောင်းသူသည် အဆိုပါဇနီးမောင်နှံကို ဖမ်းဆီးခဲ့သည့် ကိုဒဿ၏ စကားပြောသံနှင့် မတူကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။
“ပိုက်ဆံရှာဦးမယ်လို့ ပြောလိုက်တယ်တဲ့။ နောက်တစ်ရက် အဲဒီဖုန်းကို ပြန်ဆက်တော့ ဆဲလွှတ်ခံလိုက်ရတယ်တဲ့” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် တောင်းခံသည့်ငွေကြေးကို ပေးဆောင်ခြင်းမရှိသလို ဖုန်းထပ်ဆက်လာခြင်းလည်း မရှိတော့ကြောင်း အထက်ပါ နီးစပ်သူက ပြောဆိုသည်။
ဦးပိုက်ပိုက်နှင့် ဒေါ်မိချိုထိုက်တို့ ဇနီးမောင်နှံကို ပြန်လွှတ်ပေးရန် ငွေကျပ်သိန်းနှစ်ရာတောင်းခံနေသည့်ကိစ္စနှင့် ပတ်သက်၍ ကိုဒဿအား Dawei Watch က ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် တောင်းခံခြင်းလည်းမရှိသလို သိရှိခြင်းလည်း မရှိကြောင်း ပြောဆိုသည်။
“ကျွန်တော်တို့က ဘာမှလည်း ဟိုဟာဖြစ်ထားတာ မရှိဘူး။ သိလည်းမသိဘူး။ တောင်းထားရမ်းထားတာလည်း တစ်ခုမှ မရှိဘူး။ ကျွန်တော်တို့မှာ အဲဒီလိုမျိုးလုပ်တဲ့အကျင့်လည်း မရှိဘူး”ဟု ကိုဒဿက ပြောသည်။
ထို့အပြင် အထက်ပါဇနီးမောင်နှံကို ဖမ်းဆီးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း ၎င်းအနေဖြင့် ဖြေဆိုခွင့် မရှိကြောင်း ပြောဆိုသည်။
ထားဝယ်နှင့် ဂုံညှင်းဆိပ်ရွာကို ပရိုဘောက်ကားဖြင့် ခရီးသည်တင်ယာဉ်ပြေးဆွဲနေသည့် အသက် ၄၇ နှစ်အရွယ် ဦးပိုက်ပိုက်နှင့် အသက် ၄၈ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်မိချိုထိုက်ကို စုံစင်ဖျားရွာတွင် KNLA တပ်ရင်း ၁၂ လက်အောက်ခံ ကိုဒဿဦးဆောင်သည့်တပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ဖမ်းဆီးခဲ့သည်။







