ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ် နေအိမ်မီးရှို့

May 22, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပခပ်အင်းရွာတွင် မေလ ၁၉ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ် တာဝန်ရှိသူထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့မှ ပခပ်အင်းဘက်သို့ စစ်ကြောင်းထိုးလာချိန် မေလ ၁၉ရက်က ပခပ်အင်းရွာတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပခပ်အင်းရွာထဲမှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ ပခပ်အင်းရွာထဲက အိမ်တွေကို (စစ်အာဏာရှင်တပ်က) မီးရှို့သွားတာ ရှိတယ်။ ငါးဆောင်ပါ” ဟု ၎င်းက ပြောဆိုသည်။

ပခပ်အင်းရွာမှ ထွက်ပြေးလာသူ ဒေသခံအချို့ကလည်း စစ်အာဏာရှင်တပ်သည် အရပ်သားနေအိမ် သုံးဆောင် ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ် တစ်ဆောင် မီးလောင်ကြောင်း ဆိုသည်။

“လောလောဆယ်သိရတာကတော့ အဲဒီလောက်ပဲ သိရသေးတယ်။ အကုန်လုံးက ထွက်ပြေးနေကြတာဆိုတော့ အသေးစိတ် မသိရသေးဘူး။ တချို့လည်း တောထဲမှာ ထွက်ပြေးနေတယ်။ တချို့လည်း ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပြောက်ကျား ပုံစံ စစ်ကြောင်းထိုးနေပြီး နောက်ထပ်လည်း စစ်ကူများ ထပ်မံဖြည့်တင်းနေသည်ဟု သိရကြောင်း တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောဆိုသည်။