လောင်းလုံးမြို့နှင့် ကပ်လျက် စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ယင်းကျေးရွာတို့က ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်းနေကြရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဇွန်လ ၂၂ ရက် နံနက် အရုဏ်တက်ချိန် ၄ နာရီခန့်တွင် လောင်းလုံးမြို့ထဲမှ စစ်ပြဲ၊ ညင်းမော်ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်တို့နှင့် စစ်ပြဲကျေးရွာတွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။
အနည်းဆုံး အင်အားတစ်ရာကျော် ပါဝင်သည့် စစ်ကြောင်းသည် ရုတ်တရက်ဝင်လာသဖြင့် အချိန်မီထွက်ပြေးမနိုင်သော ရွာသားအချို့ အဖမ်းခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။
စစ်ကြောင်းမှာ ညင်းမော်ကျေးရွာသို့ရောက်လာပြီး ထိုမှတဆင့် ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်ကျေးရွာသို့ ဦးစွာ ရောက်ရှိပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲံသည့် ညင်းမော်ကျေးရွာ၏ အရှေ့ဘက် တစ်ဆက်တည်းရှိ စစ်ပြဲကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးသွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
စစ်ပြဲကျေးရွာသို့ ရောက်ရှိချိန် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ စတင်ကြားရပြီး နေ့လယ်ပိုင်းတွင် စစ်ကြောင်းမှာ စစ်ပြဲတိုက်ကျောင်းနှင့် လူနေအိမ်တို့ တွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီမနက် ညင်းမော်က ထွက်လာတဲ့စစ်ကြောင်း အရမ်းများတယ်၊ အတန်းရှည်ကြီးပဲ။ သူတို့ ကျောင်းသစ်နားရောက်တော့ ပစ်သံကြားတာပဲ။ ဘာကို မြင်လို့ ပစ်တာလဲတော့ မပြောတက်ဘူး။ နှစ်ယောက်ဖမ်းလာတာ တွေ့ရတယ်လို့ မြင်တဲ့သူတွေ ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။
မျက်မြင်တွေ့သူ ဒေသခံတစ်ဦးကမူ စစ်အာဏာရှင်တပ်က ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးကို လူသား ဒိုင်းသဖွယ် ဖမ်ဆီးခေါ်ဆောင်လာသည်ကို တွေ့ရကြောင်းပြောဆိုသည်။ သို့သော် ဖမ်းဆီးခံထားရသူဦးရေတိတိကျကျ မသိရသေး သော်လည်း နှစ်ဦးမက ရှိနိုင်ကြောင်း ဒေသခံတို့က ပြောသည်။
ယခု မေလကုန်အချိန်သည် လယ်သမားမှာ မိုးစပါးစိုက်ပျိုးရန် ထွန်ယက်ချိန်ဖြစ်ပြီး ရော်ဘာတောင်သူများမှာလည်း ရော်ဘာပင်စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ ကျွေးခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်နေချိန်ဖြစ်သည်။
ယခုမူ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသတွင်း စစ်ရေးတင်မားလာပြီး လုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
“ရော်ဘာခြံသမားတွေကတော့ အခုလိုမျိုးအချိန်မှာ ဘယ်သူ့မှ (ခြံထဲ) ဝင်မရတော့ဘူးလေ။ လယ်လုပ်မယ့်သူတွေကတော့ လွတ်လွတ်ကင်းကင်းရှိတဲ့နေရာမှာဆိုရင် သူ့လယ်သူ လုပ်လို့ရနေသေးတာပေါ့။ ဒီနေ့မှ ထွန်းစက်ဆင်းဖို့ လုပ်ထားတဲ့ သူတွေကတော့ မလုပ်ဘဲ ရပ်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်ကလည်း ယခုကဲ့သို့ပင် လယ်လုပ်ချိန် စစ်ကြောင်းထိုးလာသဖြင့် ညင်းမော်၊ စစ်ပြဲကျေးရွာများအပါအဝင် အနီးအနားက ကျေးရွာမှ ဒေသခံများ လနှင့်ချီကြာ စစ်ဘေးရှောင်နေရသဖြင့် အချိန်မီ လယ်မလုပ်နိုင်ဘဲ ဖြစ်ခဲ့ဖူးသည်။
ယနေ့ နံနက် ၁၁ နာရီကျော်အထိ မေးမြန်းချက်အရ စစ်အာဏာရှင်တပ်သားများသည် စစ်ပြဲကျေးရွာတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကြောင်းရှိနေသည့် စစ်ပြဲနှင့် ညင်းမော်ကျေးရွာ အနီးဝန်းကျင်တွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်၌ ဒရုန်းများ ပျံနေသည်ကို တွေ့ရှိရပြီး တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
မေလ ၂၀ ရက်က လောင်းလုံးမြို့ မြောက်ဘက်ရှိ အင်းဇောက်ကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယနေ့တွင်မူ မြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
ထားဝယ်မြို့ဘက်ကလာသည့် စစ်ကြောင်းသည် အင်းဇောက်ကို ဖြတ်ကျော်ပြီး မေလ ၂၁ရက် ညနေပိုင်းတွင် လောင်းလုံးမြို့ဘက်ကသို့ ရောက်ရှိကြောင်း ဒေသခံများက ပြောသည်။
လူသားဒိုင်းသဖွယ် ဖမ်းဆီးလာခဲ့သည့် ဒေသခံ ၄၀ ဝန်းကျင်ကိုမူ လောင်းလုံးမြို့ သင်္ချိုင်းအနီးသို့ ရောက်ရှိ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါစစ်ကြောင်းမှာ ယနေ့တွင် ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဖက်သို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။







