ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာသားတစ်ဦးသေဆုံးပြီး ကလေးအပါ နှစ်ဦးဒဏ်ရာရ

May 22, 2026

တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး ကလေးအပါဝင်နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၁ရက် ည ၆နာရီ ၃၀မိနစ်ဝန်းကျင်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန် တပ်ရင်းမှ ကျွဲထိန်းကုန်းရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး ကျည်တစ်လုံးမှာ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျည်စ ဦးခေါင်းထိမှန်ပြီး အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄နှစ်အရွယ် မိန်းကလေးငယ်မှာ ခြေတစ်ဖက် ဆုံးရှုံးကာ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးတွင် ခြေထောက် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကြီး နှစ်ချက်ပစ်တာ တစ်လုံး ကွဲတယ်။ နေအိမ်နားမှာ ကျသွားတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။

ကျွဲထိန်းကုန်းရွာအနီးဝန်းကျင်တွင် မေလ ၂၁ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဒီနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ မနေ့က (မေ ၂၀) တော့ ခြောက်မိုင်မှာ တိုက်ပွဲအကြီးကျယ်ဖြစ်တယ်။ ဒီနေ့ (မေ ၂၁) တော့ မကြားရဘူး” ဟု အထက်ပါဒေသခံက ပြောသည်။

ခြောက်မိုင်ရွာနှင့် ကျွဲထိန်းကုန်းရွာကြားတွင် ဆင်ခေါင်းရွာရှိသည်။

ဧပြီလ ၃၀ ရက်က ခြောက်မိုင်ရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပွားရာတွင် အမျိုးသမီးတစ်ဦး လည်ပင်းတွင် ကျည်ထိမှန်သေဆုံးခဲ့သေးသည်။