ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှုန်းနှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေရှားပါးပြီး ဈေးတက်လေ့ရှိသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးပါတက်နေသဖြင့် အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံများကဆိုသည်။
စက်သုံးဆီဈေးမတက်မီက ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေတစ်ယူနစ်ကို ငွေကျပ် နှစ်ထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်ဖြင့် ဝယ်သုံးနေရကြောင်း ကျွန်းစုမြို့နယ် ကော့ကနင်းကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
ရေတစ်ယူနစ်လျှင် ပျမ်းမျှအားဖြင့် ၄ ပီပါကျော် ဝင်ဆံ့သည်။
“သောက်ဖို့နဲ့ ထမင်း၊ဟင်းချက်ဖို့ပဲ တစ်နေ့ကို တစ်ပီပါလောက်ကုန်တယ်။ ချိုးဖို့ဆို အနည်းဆုံးတစ်နေ့ကို သုံးပီပါလောက်ဝယ်ရတယ်။ ဒါတောင်အလုအယက် ရန်ဖြစ်ပြီးဝယ်ရတယ်။ နှစ်တိုင်း ထုံးစံလိုဖြစ်နေပေမယ့် ဒီနှစ်တော့ ဈေးပိုတက်တော့ ပိုအဆင်မပြေဖြစ်ကြတယ်”ဟု ၎င်းက ပြောသည်။
ရေစုပ်စက်တွင် အသုံးပြုသည့်ဓာတ်ဆီဈေး တက်လာခြင်းကြောင့် ရေဈေးနှုန်းလည်း ယမန်နှစ်ထက် ၂ ဆကျော်တက်လာခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာအချို့တွင် စိမ့်စမ်းရေရရှိသည့်နေရာမှရေကို ပိုက်လိုင်းများဖြင့် သွယ်တန်းပြီး ရေကန်အတွင်းထည့်ကာ ယင်းမှတစ်ဆင့် နေအိမ်များကို ဖြန့်ဖြူးခြင်းဖြစ်သည်။
အဆိုပါကျေးရွာများတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ်ခုနစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအများစုတွင်လည်း ရေရှားပါးနေပြီး ရေဈေးနှုန်းတက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က ရေတစ်ယူနစ်လျှင် ငွေကျပ်တစ်ထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်သုံးထောင်ကျော်ဖြင့် ဝယ်သုံးနေရကြောင်း ဒေသခံအချို့က ပြောသည်။
နွေရာသီရောက်တိုင်း ရေရှားပါးနေကျဖြစ်သော်လည်း ယခုနှစ်တွင် စက်သုံးဆီဈေးကြောင့် ဈေးတက်လာကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။
“နွေရာသီရောက်လာမှာ တော်တော်ကြောက်တယ်။ ပူရတဲ့အပြင် ရေဝယ်လို့မရတဲ့ ပြဿနာက တော်တော် ဆိုးတယ်။ အလုပ်အကိုင်ကျပ်တည်းလို့ ငွေကြေးအဆင်မပြေလို့ တော်တော်စိတ်ညစ်ရတယ်”ဟု ၎င်းကပြောသည်။
ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေကို ပုဂ္ဂလိကရေတွင်းပိုင်ရှင်များက နေအိမ်များသို့ ဖြန့်ဖြူးနေခြင်းဖြစ်သည်။







