ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်-ထားဝယ်ကားလမ်း ခရီးသည်တင်ကားနှင့် ကုန်ကားများ ပြန်လည်ပြေးဆွဲ

April 22, 2026

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်တို့ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို တိုက်ခိုက်သိမ်းယူစဉ် မြိတ်-ထားဝယ်လမ်း တစ်လကျော်ကြာ ပိတ်ခဲ့သည်။

မတ်လ ၂၆ ရက်တွင် ပြန်လည်ပြေးဆွဲခွင့်ရသော်လည်း နှစ်ဖက်တိုက်ပွဲနှင့် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်တိုက်ရှိနေသဖြင့် မတ်လ ၂၈ ရက်ကတည်းက ကားများ ဖြတ်သန်း မသွားရဲကြတော့ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။

ယင်းနောက် ဧပြီလ တတိယပတ်အတွင်း ကားများ ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အခုဆို ကားဆွဲနေတာ သုံးရက်ရှိပြီ။ လမ်းခရီးအခြေအနေကတော့ ပုံမှန်အတိုင်းပါပဲ” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဧပြီလ ၂၀ရက်က ပြောသည်။

ထားဝယ်မြို့က ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူ လူငယ်အမျိုးသမီးတစ်ဦးကလည်း ခရီးတင်ကားနှင့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲနေကြပြီဖြစ်ကြောင်း ဆိုသည်။

“ကျွန်မတို့ကားတောင် သင်္ကြန်မတိုင်ခင်တုန်းက မြိတ်ကို တစ်ခေါက်ဆွဲလိုက်သေးတယ်။ လမ်းမှာ ပိတ်မှာစိုးလို့သာ လူတွေက မသွားကြတာ။ အခုတော့ ပုံမှန်အတိုင်း ပြန်သွားနေကြပြီ” ဟု ၎င်းက ပြောဆိုသည်။

မြိတ်-ထားဝယ် ကားလမ်းကို ပြန်လည်သွားလာခွင့်ပြုထားပြီဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စကစ ဘက်ကတော့ ဖွင့်တယ်။ ဒီဘက်ကလည်း အတားအဆီး မရှိ လွှတ်လိုက်တဲ့သဘောပါ။ အဓိကကတော့ ပြည်သူအခက်အခဲအပေါ် မူတည်ပြီး ပူးပေါင်းတပ်တွေဘက်ကလည်း ပြန်ဖွင့်တဲ့သဘောပါ”ဟု ၎င်းက ဆိုသည်။

မြိတ်-ထားဝယ်လမ်းပေါ်တွင် အရေးပါသည့် တစ်ခုတည်းကျန်ရှိသည့် စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရန် ဖေဖော်ဝါရီလ ၈ရက်တွင် ကားလမ်းကို သရက်ချောင်းမြို့နယ် ပိတိုင်မှ ပုလောမြို့နယ် ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ ပိတ်ထားခဲ့သလို ဆက်သွယ်ရေးလိုင်းများကိုလည်း ဖြတ်တောက်ခဲ့သည်။

လက်ရှိတွင် ကားလမ်းပြန်ဖွင့်သော်လည်း ဆက်သွယ်ရေးလိုင်းမှာမူ ပြန်လည်မရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ကြောင့် မိသားစုဝင်အချင်းချင်း သတင်းအချက်အလက်မျှဝေရန်နှင့် ဘေးကင်းလုံခြုံရေး၊ စားရေး၊ နေရေး၊ ကျန်းမာရေးကိစ္စများအတွက် ပြောဆိုဆက်သွယ် မရသဖြင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက တစ်လကျော်အကြာတိုက်ခိုက်ပြီး မတ်လ ၁၁ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ ယင်းနောက် ရက် ၂၀ခန့်အကြာတွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်ကမူ ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ကျေးရွာများကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ဧပြီလ ၇ ရက်အတွင်း လေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။