ဥရောပသမဂ္ဂ (EU) က ထိုင်းနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ယူရို ၁၅ သန်း (ဘတ် ၅၇၀ သန်းခန့်) ထောက်ပံ့ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)၊ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)၊ Expertise France အမည်ရှိ ပြင်သစ်အေဂျင်စီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်များက ဧပြီလ ၂၀ ရက်နေ့ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော မြန်မာစစ်ဘေးရှောင် အနာဂတ်ဆိုင်ရာ ဆွေးနွေးပွဲတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ကိုးခုမှ စစ်ဘေးရှောင်များနှင့် တာခ့်ခရိုင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပံ့ပိုးနိုင်ရန် ၂၀၂၆-၂၀၂၈ နှစ်အတွက် ဥရောပသမဂ္ဂက ယူရို ၁၅ သန်း ထောက်ပံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်ဘေးရှောင်နှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေရန် အဓိက ကူညီထောက်ပံ့ပေးသွားမည်ဟုဆိုသည်။
စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ရေရှည်ထောက်ပံ့နေရာမှ စစ်ဘေးရှောင်များ ထိုင်းနိုင်ငံထဲ ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်နိုင်ရေး ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။
ကူညီထောက်ပံ့ပေးမည့် ယူရို ၁၅ သန်းအနက် ၁၀ ဒသမ ၅ သန်းကို နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဦးဆောင်လှုပ်ရှားမှုအောက်က စစ်ဘေးရှောင်များ အဓိကလိုအပ်နေသော ဝန်ဆောင်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် သုံးစွဲသွားမည်ဖြစ်သည်။
နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) အဖွဲ့ထဲတွင် Save the Children အဖွဲ့၊ စစ်ဘေးရှောင်စခန်းများကို ကူညီပေးနေသော COERR အဖွဲ့၊ လူနည်းစုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော Malteser International အဖွဲ့၊ စစ်ဘေးရှောင်များအား ပညာရေးနှင့် အသက်မွေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေသော ADRA အဖွဲ့နှင့် စစ်ဘေးရှောင်များကို ကူညီနေသည့် Humanity and Inclusion အဖွဲ့တို့ ပါဝင်သည်။
နောက်ထပ် ယူရို ၂ သန်းကို Expertise France အေဂျင်စီဦးဆောင်မှုအောက်က စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် Borderland Health Foundation အဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေးအာမခံ (M-Fund) ကို အကောင်အထည်ဖော်ထားသော Dreamlopments အဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆေးခန်းဖြစ်သော Mae Tao Clinic နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) တို့နှင့် ပူးပေါင်းသွားမည်ဟုဆိုသည်။
နောက်ထပ် ယူရို ၂ ဒသမ ၅ သန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ဦးဆောင်၍ ကလေးသူငယ်စောင့်ရှောက်ရေးနှင့် စစ်ဘေးရှောင်များ အလုပ်အကိုင်အခွင့်အလမ်းများ ကူညီထောက်ပံ့ရေးအတွက် သုံးစွဲသွားမည်ဖြစ်သည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်စစ်ဘေးရှောင်စခန်းကိုးခုတွင် မြန်မာစစ်ဘေးရှောင် ၈ သောင်းကျော်ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။







