မြိတ်မြို့တွင် ကိုရင်ငယ်တစ်ပါးအား အပြင်းအထန်ရိုက်နှက်နေသည့် ဦးပဉ္စင်း (ရဟန်း) တစ်ပါးကို ခံဝန်ထိုးခိုင်းရန် စီစဥ်နေကြောင်း မြိတ်မြို့သာသနာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ကိုရင်ငယ်အား ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းမှာ ဧပြီလ ၂၁ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက် ယင်းသို့ စီစဉ်ခြင်းဖြစ်သည်။
အဆိုပါ ဦးပဉ္စင်းသည် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရတွင် သီတင်းသုံးသည့် ဦးတေဇဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မူလဒွါရဂိုဏ်းအုပ် မြို့နယ်သံဃနာယကဥက္ကဋ္ဌကျောင်းက ခေါ်ယူဆုံးမပြီး ခံဝန်ထိုးခိုင်းမည် ဖြစ်ကြောင်း မြိတ်မြို့နယ်၊ သာသနာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆရာတော်တွေ ဓမ္မစက်နဲ့ ဆောင်ရွက်နေပါတယ်။ အမှုဖွင့်အရေးယူဖို့ကတော့ မသိသေးပါဘူး။ လူဝတ်လဲထားတာလည်း မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ရုပ်သံတွင် ဦးပဉ္စင်းတစ်ပါးသည် ကိုရင်ငယ်တစ်ပါးကို ဒရွတ်တိုက်ဆွဲကာ တုတ်ဖြင့် အချက်ရေများစွာ ရိုက်နေသဖြင့် ကိုရင်ငယ်က အသံကျယ်လောင်စွာငိုယိုနေသည်ကို တွေ့ရသည်။







