ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် စစ်အာဏာရှင်တပ် တောမီးရှို့ရာမှတစ်ဆင့် နေအိမ် ၁၂ဆောင် မီးကူးစက်လောင်ကျွမ်းကြောင်း ဒေသခံများက ပြောသည်။
မောင်မယ်ရှောင်ကျေးရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဧပြီလ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ တပ်စခန်းအနီးရှိ တောစပ်နေရာကို စတင်မီးရှို့ကြောင်း ၎င်းတို့က ဆိုသည်။
ထို့မှတစ်ဆင့် မီးသည် မောင်မယ်ရှောင်ကျေးရွာနှင့် နည်းပညာတက္ကသိုလ်ကြား ဟားလီးကွေ့ (လမ်းအကွေ့) အနီးရှိ လူနေအိမ်နေရာများကို ကူးစက်လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ပထမ မီးလောင်လောင်ချင်း ရွာမှာရှိတဲ့ ရွာခံတွေက သွား (ငြှိမ်း) သတ်တော့ သူတို့ (စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ) က သူတို့ရှို့ ထားတယ် မသတ်နဲ့လို့ ပြောတယ်။ မီးများလာလို့ ဒေသခံတွေ သွားသတ်တော့မှ မီးက မနိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။








အဆိုပါမီးလောင်မှုကို ဒေသခံများ ပူးပေါင်းငြှိမ်းသတ်နေကြသော်လည်း မီးသည် ပိုမိုပြင်းပြင်းထန်ထန် လောင်ကျွမ်းလာခဲ့ ခြင်းကြောင့် မြို့ ခံ ပရဟိတလူမှုကူညီရေးအသင်းများကို အကူအညီ တောင်းခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။
အဆိုပါမီးလောင်ကျွမ်းမှုကို ယမန်နေ့ ဧပြီလ ၂၁ရက် မွန်းလွဲ ၂နာရီကစပြီး ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့၊ ဇမ္ဗူရတနာ ၊ ဇဟာအားမာန်၊ ထားဝယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ နှင့် ဒေသခံများပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော် သစ်စက်အဟောင်းတွင်ရှိသည့် လွှစာမှုန့်များကို မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ယနေ့ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီအချိန်အထိ တငွေ့ငွေ့ လောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဧပြီ ၂၀ ရက် ညနေပိုင်းကလည်း ဇလွန်းတောရကျောင်းလမ်းနှင့် ရွာလယ်လမ်းကြားတွင် ရှိသည့် ဥယျာဉ်ခြံတွင် တောမီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှ လူနေအိမ်များကို မီးကူးစက်လုနီးနီးဖြစ်ခဲ့သေးသည်။
လူနေအိမ်များကို ကူးစက်ခါနီးတွင် မြိုခံပရဟိအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။






