ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး၊ ညင်းမော်ရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

April 22, 2026

အသွင်ပြောင်း စစ်အစိုးရလက်ထက်တွင် စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးလာပြန်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လောင်းလုံးမြို့အတွင်းရှိ စစ်အာဏာရှင်တပ်သည် ယနေ့ ဧပြီလ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဘာသတင်းမှ မကြားရဘဲနဲ့ ရုတ်တရက်ရွာထဲရောက်လာတော့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာအတွင်း ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် ရွာလယ်ပိုင်းရှိ ညင်းမော်ကျေးရွာ စာသင်ကျောင်းဝန်းကျင်တစ်လျှောက်တွင် တပ်ဖြန့်နေရာယူထားကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။

ရုတ်တရက် ရောက်ရှိလာသည့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံသူများရှိသော်လည်း ဒေသခံများကို ဖမ်းဆီးခြင်းမရှိဘဲ သွားခွင့်ပေးကြောင်း ကိုယ်တိုင်လွတ်မြောက်လာသူများက ပြောသည်။

“ဆိုင်ကယ်နဲ့သွားနေရင် ဆိုင်ကယ်မီးပိတ်ခိုင်းပြီး ဆက်သွားခိုင်းတယ်။ ဖမ်းတာဆီးတာတော့ မလုပ်ဘူး။ တကယ်လို့ သူတို့ ဖမ်းမယ်ဆိုရင် အများကြီးဖမ်းမိကြမှာ” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ထိုကဲ့သို့ ညင်းမော်ရွာအတွင်းသို့ ရုတ်တရက် စစ်ကြောင်းထိုးလာသဖြင့် စီစဉ်ထားသည့် ဆွမ်းကျွေးအလှူနှင့် ရဟန်းခံ၊ ရှင်ပြုအလှူများ ဖျက်သိမ်းလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။