တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာက ဒေသခံမိသားစုဝင်သုံးဦး ဥယျာဥ်ခြံထဲသို့ ဟင်းရွက်သွားခူးပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သားနှင့် တူမတို့ နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူများထံမှ သိရသည်။
ဇွန် ၁၉ ရက် နံနက်က ကမ္မလိုင်းရွာနှင့် တမုတ်ချုံးရွာကြားရှိ ဥယျာဥ်ခြံထဲသို့ သွားပြီး အပြန် ပြည်ထောင်စု လမ်းမကြီးနံဘေးတွင် ဟင်းရွက်ဝင်ခူးစဥ် မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တညင်ရွက် သွားကောက် (ခူး) နေကျပဲ။ သူတို့ အခုထိတာက သူများခြံထဲမှာ ထိသွားတယ်။ သူတို့ခြံမှာက ကွမ်းသီးနု ကောက် (ခူး) ရောင်းဖို့ကြည့်ပြီး အပြန်မှာထိသွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။
မိုင်းနင်းမိပြီး ဒေါ်ကြူကြူခိုင်သည် သေဆုံးသွားပြီး အသက် ၁၅နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရသလို အသက်၂၂နှစ်အရွယ် တူမဖြစ်သူ ဘယ်ဘက်လက်မောင်းတစ်ဖက်ပြတ်သွားကြောင်း ဆွေမျိုးတော်စပ်သူက ပြောဆိုသည်။
“အမေနဲ့သားက ဝါးရုံ တစ်ရုံခြားတယ်ပြောတယ်။ အမေက ပွဲချင်းပြီး သေသွားတယ်။ ကျန်နှစ်ယောက်က ဒဏ်ရာရ သွားတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူနှစ်ဦးကို တနင်္သာရီမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
လယ်တောင်ယာရွာသည် တနင်္သာရီမြို့အနီးတွင် တည်ရှိပြီး စစ်အာဏာရှင်တပ်သားများ မကြာခဏ တပ်စွဲလေ့ရှိသည့် ရွာဖြစ်သည်။
လယ်တောင်ရွာ၊ တမုတ်ချုံးရွာနှင့် ကမ္မလိုင်းရွာတို့သည် တစ်ဆက်စပ်တည်းရှိသည့် ရွာများဖြစ်သည်။







