သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာတွင် လူငယ်အမျိုးသားတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ရှိလာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
မေလ ၁၄ ရက် ည ၈ နာရီခန့်တွင် သရက်နှစ်ခွရွာသား အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုနိုင်အား အရပ်ဝတ် ဝတ်ဆင်ထား သည့် လက်နက်ကိုင်လူတစ်စုက လက်ထိပ်ခတ်၍ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။
“အဲဒီနေ့က သူ့အိမ်မှာ ပိုက်ဆံတောင်းတာ မပေးလို့ အိမ်မှာ ရိုက်ခွဲခတ်ခွဲ လုပ်တယ်လို့ပြောတယ်။ နောက် စာသင်ကျောင်း မှာပါ ရိုက်ခွဲခတ်ခွဲ သွားလုပ်တယ်လို့ပြောတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သူ့ကို လာဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လာရောက်ဖမ်းဆီးသွားသည့် လက်နက်ကိုင်အုပ်စုတွင် သရက်နှစ်ခွရွာသား သုံးဦးအပါအဝင် လူရှစ်ဦးခန့်ပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။
ဖမ်းဆီးရာတွင် ပါဝင်သည့် သရက်နှစ်ခွ ရွာသားသုံးဦးသည် လက်နက်ကိုင်ဆောင်သွားလာလေ့ရှိသူများဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ကိုဇင်ကိုနိုင် အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်နှင့် ဖမ်းဆီးသူများမှာ မည်သည့် လက်နက်ကိုင်အဖွဲ့က ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။
ကိုဇင်ကိုနိုင် အား လာဖမ်းသည့် ညတွင် ဖမ်းဆီးသူများက မိသားစုဝင်များကို ခဏခေါ်သွားမည်ဟုဆိုကာ ပြောဆိုခဲ့သော်လည်း သုံးရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
ထို့ကြောင့် မိသားစုဝင်များက ဖမ်းဆီးသွားသူများကို သွားရောက်မေးမြန်းရာ ဖမ်းဆီးသည့်နေ့တွင်ပင် ပြန်လွှတ်ခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ကိုဇင်ကိုနိုင် အား ရှာမတွေ့ကြောင်း ၎င်းက ပြောသည်။
ကိုဇင်ကိုနိုင်မှာ တစ်ပတ်ကြာသည်အထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်း မရှိသလို ရွာအနီးဝန်းကျင်တွင် လိုက်လံရှာဖွေသော်လည်း မတွေ့ရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ဆိုသည်။
“အဲ့ဒီ ညကတည်းက အဲဒီနားမှာပဲ ပြန်လွှတ်ပေးခဲ့တယ်ဆိုပြီးပြောတယ်။ သူ့မိသားစုနဲ့ ရွာသားတွေ သရက်နှစ်ခွရွာမှာရော အနီးဝန်းကျင်ရွာတွေအထိ ပတ်ရှာလည်း မတွေ့ဘူး။ ဇင်ကိုနိုင်က အိမ်နဲ့ရွာကနေ ဘယ်ကိုမှ သိပ်ပြီးသွားလေ့သွားထ ရှိတဲ့သူ မဟုတ်ဘူး။ အိမ်ကို ပြန်မလာတတ်တဲ့သူလည်း မဟုတ်ဘူး” ဟု ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းလှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) နှင့် သရက်ချောင်းမြို့နယ်-ပကဖ က တာဝန်ရှိသူအချို့ကို Dawei Watch က ဆက်သွယ်မေးမြန်းရာ ကိုဇင်ကိုနိုင် ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြန်လည်ပြောဆိုကြသည်။
“ဘယ်အဖွဲ့က ဖမ်းလဲဆိုတာ အတိအကျမသိရသေးဘူး။ ဘယ်အဖွဲ့က ဖမ်းလဲ ကျွန်တော်တို့ မသိသေးလို့ ပြောလို့ မရသေးဘူး” ဟု သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒေသတွင်လှုပ်ရှားနေသည့် သရက်ချောင်းမြို့နယ်ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူ သစ္စာရှင်ကိုလည်း Dawei Watch က ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး လက်ခံဖြေကြားခြင်း မရှိသေးပေ။
ဒေသခံအချို့ကမူ ကိုဇင်ကိုနိုင် အား ဖမ်းဆီးသွားသည့်ကိစ္စ၊ လက်ရှိတွင် ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာတပ်ဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“တိတိကျကျ သိချင်ပါတယ်။ ဆုံးသွားတယ်ဆိုလည်း ဆုံးသွားတယ်။ အဲဒီညပိုင်းမှာ လာထားခဲ့ပြီးပြီဆိုတဲ့ စကားတစ်လုံးနဲ့ ဖြေရှင်းချက် မပေးစေချင်ဘူး” ဟု သရက်နှစ်ခွရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သရက်နှစ်ခွကျေးရွာက ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ကြား မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။







