မြိတ်မြို့တွင် လေးလတာကာလအတွင်း လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၁၁၀၁ ကျပ်သာရှိရာမှ ဖေဖော်ဝါရီလတွင် တစ်ယူနစ် ၁၁၄၆ ကျပ်၊ မတ်လတွင် ၂၀၂၅ ကျပ်၊ ဧပြီလတွင် ၂၁၀၃ ကျပ်အထိ တိုးမြင့်ကောက်ခဲ့ခြင်းဖြစ်သည်။
မီတာခက တရိပ်ရိပ်တက်လာသည့်အတွက် ကုန်ကျစရိတ်ပိုများလာပြီး အခက်တွေ့နေရကြောင်း မြိတ်မြို့၊ ကန်ဖျားရပ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“မီးဈေးကတော့ တစ်လတစ်ဈေး တက်နေတယ်။ လခစားဖြစ်တဲ့အတွက် အိမ်အသုံးစရိတ်ကြီးမှာ တော်တော်စိုးရိမ်တယ်။ အခုလည်း အရင်မီတာခ တစ်လကို (ကျပ်)ငါးသောင်းကျော် အခု တစ်သိန်းကျော်ဖြစ်နေပြီ။ တော်တော်ဒုက္ခရောက်ရတယ်”ဟု ၎င်းကပြောသည်။
မြိတ်မြို့လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေသည်။
ယင်းကဲ့သို့ မီတာခဈေးတက်လာသည့်အတွက် ၂၀၂၆ နှစ်ဆန်းပိုင်းက တစ်လလျှင် မီတာခ ကျပ်နှစ်သောင်းကုန်ကျ နေရာက လက်ရှိတွင် ကျပ်လေးသောင်းခန့် ပေးရသဖြင့် ချွေတာသုံးနေရကြောင်း မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။
“အဲဒါတောင် တအားချွေတာသုံးလို့ရှင့်။ မီးထွန်းတာနဲ့ ထမင်းပေါင်းအိုးတစ်ခုပဲ သုံးတယ်။ အခုဆို မီးဖိုးသက်သာအောင်လို့ အိမ်မှာဆိုလာမီးတောင် ဝယ်ထားရတယ်ရှင့်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မတ်လက မြိတ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ်ဆီတစ်လီတာလျှင် ကျပ်ခြောက်ထောင်ဝန်းကျင်အထိ ဈေးမြောက်ခဲ့ပြီး ပြင်ပဈေးကွက်တွင် ကျပ် သောင်းကဏန်းအထိ ဈေးတက်ခဲ့သည်။
ဒီဇယ်စျေး မြင့်တက်မှုကြောင့် မီတာခများလည်း လိုက်ပါမြင့်တက်သွားသည်ဆိုသော်လည်း ယခု ဒီဇယ်စျေးပြန်ကျလာချိန်တွင် မီတာခများ ကျလာခြင်းမရှိသေးဟု မြို့ခံများကဆိုကြသည်။
မတ်လနှောင်းပိုင်းက မြိတ်မြို့ပြင်ပဈေးကွက်တွင် ဒီဇယ်ဆီတစ်ပီပါကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ဆယ့်သုံးသိန်းကျပ်ဝန်းကျင်ဈေးပေါက်နေကြောင်း သိရသည်။
လျှပ်စစ်မီတာခဈေးတက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro &Trans ကုမ္ပဏီ၏ ဘဏ္ဏာရေးဌာန၏ Viber ဖုန်းအမှတ် ၀၉၄၄၄၈၄၄၁၄၀ ကို Dawei Watch က မေလ ၂၁ ရက်နေ့တွင် စာပို့မေးမြန်ထားသည်။







